25/06/2026
ဖာရင်ဟိုက် ဆိုတဲ့ နာမည်နောက်က မိဘမဲ့လူငယ်လေး
ဖျားနာသူတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီလိုစကားမျိုးတွေ မကြာခဏကြားရလေ့ရှိပါတယ်။
"ကိုယ်ပူချိန် ၁၀၂ တောင်ဖြစ်နေပြီ"၊ "၉၈ ဆိုရင်တော့ ပုံမှန်ပဲ" စသဖြင့်ပေါ့။ တကယ်တော့ ဒီဂဏန်းတွေဟာ ဖာရင်ဟိုက် (Fahrenheit) လို့ခေါ်တဲ့ အပူချိန်တိုင်း စနစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီ "ဖာရင်ဟိုက်" ဆိုတဲ့ နာမည်ဟာ လူတစ်ယောက်ရဲ့ နာမည်ဆိုတာရော မိတ်ဆွေ သိပါသလား။
သူကတော့ ခေတ်သစ် အပူချိန်တိုင်းကိရိယာ (သာမိုမီတာ) တွေကို စတင်မွေးဖွားပေးခဲ့တဲ့ ဂျာမန် ရူပဗေဒပညာရှင် ဒယ်နီရယ် ဂါဘရီရယ် ဖာရင်ဟိုက် (Daniel Gabriel Fahrenheit) ပဲ ဖြစ်ပါတယ်။
ဖာရင်ဟိုက်ကို ၁၆၈၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ အခုခေတ် ပိုလန်နိုင်ငံ၊ Danzig မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့မိဘတွေဟာ ချမ်းသာတဲ့ ဂျာမန် ကုန်သည်တွေ ဖြစ်ကြပါတယ်။ ငယ်စဉ်ကတည်းက ပြည့်ပြည့်စုံစုံ ကြီးပြင်းခဲ့ရပါတယ်။
ဒါပေမဲ့ ၁၇၀၁ ခုနှစ်၊ ဩဂုတ်လမှာတော့ သူ့ဘဝကို အောက်ခြေအထိ ထိုးကျသွားစေမယ့် ကံကြမ္မာဆိုးကြီး ဝင်ရောက်လာပါတယ်။ ဖာရင်ဟိုက် အသက် ၁၅ နှစ်အရွယ်မှာ သူ့ရဲ့ မိဘနှစ်ပါးစလုံးဟာ အ_ဆ_ိပ်ရှိတဲ့ မှိုကို မှားယွင်းစားသုံးမိပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ကြပါတယ်။ ညတွင်းချင်းမှာပဲ သူဟာ မိဘမဲ့ ကလေးငယ်တစ်ယောက် ဖြစ်သွားခဲ့ရပါတယ်။
မိဘတွေ ကွယ်လွန်ပြီးနောက် ဆွေမျိုးသားချင်းတွေက ဖာရင်ဟိုက်ကို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ကို ပို့လိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကုန်သွယ်ရေးပညာနဲ့ စာရင်းအင်းတွေကို သင်ယူစေချင်လို့ပါ။
ဒါပေမဲ့ ဖာရင်ဟိုက်ဟာ စာရင်းအင်းတွေ၊ ကုန်ပစ္စည်းတွေကြားမှာ လုံးဝ မပျော်ပိုက်ခဲ့ပါဘူး။ သူ့ရဲ့ စိတ်ဝင်စားမှုက သိပ္ပံပညာနဲ့ မှန်လုပ်တဲ့နည်းပညာ (Glassblowing) ဆီမှာသာ ရှိနေခဲ့ပါတယ်။ အဲဒီခေတ်က မှန်ကို လိုချင်တဲ့ ပုံစံရအောင် အပူပေးပြီး မှုတ်ရတဲ့ ပညာဟာ အလွန်ခက်ခဲတဲ့ အနုပညာ တစ်ခု ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ သူဟာ အလုပ်ရှင်ဆီကနေ ထွက်ပြေးခဲ့ပါတယ်။ အလုပ်ရှင်က သူ့ကို ရဲတိုင်ခဲ့တာကြောင့် ရဲတွေက သူ့ကို ဝရမ်းထုတ်ပြီး လိုက်ဖမ်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူဟာ ဥရောပတခွင်ကို လှည့်လည်သွားလာရင်း ပုန်းရှောင်နေခဲ့ရပါတယ်။
ထွက်ပြေးပုန်းရှောင်နေရင်းနဲ့ သူဟာ ဥရောပက နာမည်ကြီး သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲဒီထဲမှာ ဒိန်းမတ် နက္ခတ္တဗေဒပညာရှင် Ole Rømer နဲ့ တွေ့ဆုံခဲ့ခြင်းဟာ သူ့ဘဝရဲ့ အချိုးအကွေ့ကြီးတခု ဖြစ်ခဲ့ပါတယ်။
ရိုမာဟာ အရက်ပျံ ကို မှန်ပြွန်လေးထဲထည့်ပြီး အပူချိန်တိုင်းတဲ့ ကိရိယာလေးတစ်ခုကို တီထွင်ထားပါတယ်။ ဒါပေမဲ့ အဲဒီကိရိယာက သိပ်မတိကျပါဘူး။ ဖာရင်ဟိုက်က သူ့ရဲ့ ကျွမ်းကျင်တဲ့ မှန်မှုတ်ပညာကို သုံးပြီး ဒီထက် အများကြီး ပိုကောင်းတဲ့ အပူချိန်တိုင်း ကိရိယာကို ဖန်တီးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
၁၇၀၉ ခုနှစ်မှာ ဖာရင်ဟိုက်ဟာ အရက်ပျံကို အသုံးပြုထားတဲ့ သာမိုမီတာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အရက်ပျံဟာ ဆူမှတ်နိမ့်တဲ့အတွက် အပူချိန် အမြင့်ကြီးတွေကို တိုင်းဖို့ အဆင်မပြေပါဘူး။
ဒီအတွက် သူဟာ စမ်းသပ်မှုပေါင်းများစွာကို အကြိမ်ပေါင်းများစွာ မဆုတ်မနစ် ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ၁၇၁၄ ခုနှစ်မှာတော့ သမိုင်းကို ပြောင်းလဲစေမယ့် ပြဒါး သာမိုမီတာ (Mercury Thermometer) ကို ကမ္ဘာပေါ်မှာ ပထမဆုံး အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။
ဘာကြောင့် သူက ပြဒါးကို သုံးတာလဲဆိုတော့...
ပြဒါးဟာ မှန်ပြွန်နံရံမှာ သွားမကပ်ပါဘူး။
အပူပေးလိုက်ရင် ညီညီညာညာ ပြန့်ကားထွက်ပါတယ်။
ရေခဲမှတ်အောက် အေးတဲ့ အပူချိန်ကနေစပြီး ရေဆူမှတ်ထက် မြင့်တဲ့ အပူချိန်တွေအထိ အလွယ်တကူ တိုင်းတာနိုင်လို့ပဲ ဖြစ်ပါတယ်။
ကိရိယာတော့ ရပြီ။ ဒါပေမဲ့ အပူချိန်ကို ဖတ်ဖို့ ဂဏန်းတွေ (Scale) သတ်မှတ်ဖို့ လိုလာပါတယ်။ ၁၇၂၄ ခုနှစ်မှာ သူဟာ သမိုင်းဝင် ဖာရင်ဟိုက် စကေး (Fahrenheit Scale) ကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
သူက အဓိက အမှတ် (၃) ခုကို အခြေခံပြီး တွက်ချက်ခဲ့တာပါ။
၁။ အအေးဆုံးမှတ် (0°F) - ရေခဲ၊ ရေ နဲ့ ဆားတစ်မျိုးဖြစ်တဲ့ အမိုးနီးယမ်း ကလိုရိုက် တို့ကို ရောစပ်ထားတဲ့ အအေးဆုံး အပူချိန်ကို သုည ဒီဂရီ ဖာရင်ဟိုက် လို့ သတ်မှတ်ခဲ့ပါတယ်။
၂။ ရေခဲမှတ် (32°F) - ရေခဲတဲ့ အပူချိန်ကို ၃၂ ဒီဂရီ ဖာရင်ဟိုက် လို့ သတ်မှတ်ခဲ့ပါတယ်။
၃။ လူ့ခန္ဓာကိုယ် အပူချိန် (96°F) - ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်ပူချိန်ကို ၉၆ ဒီဂရီ ဖာရင်ဟိုက် လို့ သတ်မှတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာတော့ သိပ္ပံပညာရှင်တွေက ပိုမိုတိကျအောင် တွက်ချက်ပြီး လူရဲ့ ပုံမှန်ကိုယ်ပူချိန်ကို 98.6°F ဆိုပြီး အနည်းငယ် ပြင်ဆင်ခဲ့ကြပါတယ်)။
အဲဒီအချိုးတွေပေါ် အခြေခံပြီး ရေဆူမှတ်ကိုတော့ ၂၁၂ ဒီဂရီ ဖာရင်ဟိုက် (212°F) လို့ တိတိကျကျ သတ်မှတ်နိုင်ခဲ့ပါတယ်။
ဒယ်နီရယ် ဂါဘရီရယ် ဖာရင်ဟိုက်ဟာ ၁၇၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ အသက် ၅၀ အရွယ်မှာ နယ်သာလန်နိုင်ငံမှာ ကွယ်လွန်ခဲ့ပါတယ်။
ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ဆဲစီးယပ်စ် (Celsius) ကို ပြောင်းလဲအသုံးပြုနေကြပြီ ဖြစ်ပေမဲ့ အမေရိကန် အပါအဝင် နိုင်ငံအချို့မှာတော့ ဖာရင်ဟိုက် စကေးကို နေ့စဉ်ဘဝမှာ အတွင်ကျယ်ဆုံး အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။
သူ့ရဲ့ မိဘမဲ့ ဘဝဟာ အလွန် ဝမ်းနည်းစရာ ကောင်းခဲ့ပေမဲ့ သူတီထွင်ခဲ့တဲ့ ပြဒါးသာမိုမီတာ ကတော့ ဆေးပညာ၊ သိပ္ပံပညာနဲ့ ရာသီဥတု ခန့်မှန်းရေး နယ်ပယ်တွေမှာ လူသားတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ ဖျားနာလို့ သာမိုမီတာလေး နဲ့ ကိုယ်ပူချိန် တိုင်းတဲ့အခါမျိုးမှာ ဒီအပူချိန်ယူနစ် ရဲ့ နောက်ကွယ်က ဖာရင်ဟိုက် ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ရှိနေတာကို သတိပြုမိသွားကြမယ် ထင်ပါတယ်။
24/06/2026
လူသားတွေရဲ့ ပဟေဠိကြီးကို ယင်ကောင်တွေကတဆင့် ဖော်ထုတ်ခဲ့သူ
"ဒီကလေးက အဖေနဲ့ ပိုတူတယ်"၊ "သမီးလေးကတော့ အမေ့ မျက်နှာပေါက်ပဲ" ဆိုတဲ့ စကားတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားနေ၊ ပြောနေကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလို တူရတာလဲ ဆိုတဲ့ သိပ္ပံနည်းကျ အဖြေကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ဘယ်သူမှ ရေရေရာရာ မသိခဲ့ကြပါဘူး။
လူသားတွေရဲ့ မျိုးရိုးဗီဇ (Genetics) ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ရှိနေပြီး ဘယ်လို အလုပ်လုပ်သလဲ ဆိုတဲ့ ပဟေဠိကြီးကို ယင်ကောင်လေးတွေ ကနေတဆင့် အဖြေရှာပေးခဲ့သူ တစ်ဦး ရှိပါတယ်။ သူကတော့ ခေတ်သစ် မျိုးရိုးဗီဇပညာရပ်ရဲ့ ဖခင်ကြီးလို့ တင်စားရတဲ့ အမေရိကန် ဇီဝဗေဒပညာရှင်ကြီး သောမတ်စ် ဟန့် မော်ဂန် (Thomas Hunt Morgan) ပဲ ဖြစ်ပါတယ်။
၁၉ ရာစု နှောင်းပိုင်းမှာ Gregor Mendel ဆိုတဲ့ ဘုန်းတော်ကြီး တစ်ပါးက ပဲပင်တွေကို စမ်းသပ်ပြီး "မျိုးရိုးဗီဇ အချက်အလက်တွေဟာ မိဘကနေ သားသမီးဆီကို လက်ဆင့်ကမ်း ပါလာတယ်" ဆိုတာကို အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အချက်အလက် (Genes) တွေဟာ ဆဲလ်တွေရဲ့ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကိုတော့ ဘယ်သူမှ မသက်သေပြနိုင်ခဲ့ပါဘူး။
သောမတ်စ် ဟန့် မော်ဂန် ဟာ အစပိုင်းမှာ မန်ဒယ် ရဲ့ သီအိုရီကို သိပ်မယုံကြည်ခဲ့ပါဘူး။ ဒါကြောင့် သူကိုယ်တိုင် လက်တွေ့ စမ်းသပ်ပြီး အဖြေရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုလံဘီယာ တက္ကသိုလ်မှာ ရှိတဲ့ သူ့ရဲ့ ဓာတ်ခွဲခန်းကို နောက်ပိုင်းမှာ ယင်ကောင် အခန်း (The Fly Room) လို့ အမည်တွင်တဲ့အထိ ယင်ကောင်တွေနဲ့ အချိန်ပြည့် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မော်ဂန် ဟာ စမ်းသပ်မှုအတွက် Fruit fly ဆိုတဲ့ ယင်ကောင်လေးတွေကို အသုံးပြုခဲ့ပါတယ်။ ဘာကြောင့် ဒီယင်ကောင်လေးတွေကို သုံးရလဲဆိုတော့...
ဒီယင်ကောင်လေးတွေဟာ သက်တမ်း အလွန်တိုပါတယ်။ သီတင်းပတ် နှစ်ပတ် အတွင်းမှာတင် မျိုးဆက်သစ် တစ်ခုကို မွေးဖွားနိုင်လို့ စောင့်ကြည့်ရတာ မြန်ဆန်ပါတယ်။
နောက်တချက်က သူတို့အတွက် နေရာ အကျယ်ကြီး မလိုပါဘူး။ ဖန်ပုလင်း အသေးလေးတွေ ထဲမှာတင် ရာပေါင်းများစွာ မွေးမြူထားလို့ ရပါတယ်။
အရေးအကြီးဆုံး အချက်ကတော့ ဒီယင်ကောင်လေးတွေမှာ ခရိုမိုဇုန်း ၄ စုံ ပဲ ရှိတဲ့အတွက် အဏုကြည့်မှန်ပြောင်းနဲ့ လေ့လာရတာ အလွန် လွယ်ကူလို့ ဖြစ်ပါတယ်။
၁၉၁၀ ပြည့်နှစ်မှာ မော်ဂန် ရဲ့ ဓာတ်ခွဲခန်းထဲက ယင်ကောင်လေးတွေထဲမှာ ထူးခြားတဲ့ အကောင်လေး တစ်ကောင်ကို သွားတွေ့ပါတယ်။ ပုံမှန် ယင်ကောင်တွေဟာ မျက်လုံး အရောင် အနီရောင် ရှိကြပေမဲ့ အဲဒီ ယင်ကောင်ဖိုလေးကတော့ မျက်လုံးအရောင် အဖြူရောင် ဖြစ်နေတာကို သတိထားမိလိုက်ပါတယ်။
ဒီအပြောင်းအလဲ ဘယ်လို ဖြစ်လာသလဲဆိုတာကို သိဖို့ မော်ဂန် ဟာ အဲဒီ မျက်လုံးဖြူ ယင်ကောင်ဖိုလေးကို ပုံမှန် မျက်လုံးနီ ယင်ကောင်မလေး တစ်ကောင်နဲ့ မျိုးစပ်ကြည့်လိုက်ပါတယ်။
(ဒီယင်ကောင်တွေကို အထီးအမ ဘယ်လိုခွဲသလဲဆိုတော့ သစ်သီးစားယင်ကောင်တွေမှာ အမက အကောင် ပိုကြီးပြီး ဝမ်းဗိုက်ပိုင်းမှာ အစင်းကြောင်းလေးတွေ အစီအရီ ပါရှိတတ်ပါတယ်။ အဖိုကတော့ အကောင် ပိုသေးပြီး ဝမ်းဗိုက်ရဲ့ အောက်ခြေအဖျားပိုင်းတစ်ခုလုံးက အမည်းရောင်အကွက်အဖြစ် စုပြုံပြီး ပိုမိုရင့်မှောင်နေတတ်လို့ အလွယ်တကူ ခွဲခြားနိုင်ပါတယ်)
ပထမ မျိုးဆက် အနေနဲ့ မွေးလာတဲ့ ယင်ကောင်လေးတွေ အားလုံး (အဖိုရော အမရော) ဟာ မျက်လုံးနီ တွေချည်း ဖြစ်နေပါတယ်။
အဲဒီ ပထမမျိုးဆက် ယင်ကောင်လေးတွေကို အချင်းချင်း ပြန်မျိုးစပ်ကြည့်တဲ့ အခါမှာတော့ မျက်လုံးဖြူ တဲ့ ယင်ကောင်လေးတွေ ပြန်လည် ပါဝင်လာတာကို တွေ့ရပါတယ်။
ဒါပေမဲ့ အံ့ဩစရာ အကောင်းဆုံးက အဲဒီ မျက်လုံးဖြူတဲ့ အကောင်တွေ အားလုံးဟာ ယင်ဖို တွေချည်းသာ ဖြစ်နေတာပါပဲ။
ဒီရလဒ်ကို ကြည့်ပြီး မော်ဂန် ဟာ သမိုင်းကို ပြောင်းလဲစေမယ့် ကောက်ချက်တစ်ခုကို ချနိုင်ခဲ့ပါတယ်။ ယင်ကောင်တွေရဲ့ မျက်လုံးအရောင်ကို ဆုံးဖြတ်ပေးတဲ့ မျိုးရိုးဗီဇ (Gene) ဟာ အထီး၊ အမ လိင်ကို သတ်မှတ်ပေးတဲ့ X ခရိုမိုဇုန်း ပေါ်မှာ ကပ်ပါနေတယ် ဆိုတာကို အတိအကျ ရှာဖွေတွေ့ရှိသွားတာပါ။
ယင်မ တွေမှာ X ခရိုမိုဇုန်း နှစ်ခု (XX) ပါပြီး ယင်ဖို တွေမှာ (XY) ဆိုပြီး ပါဝင်ပါတယ်။ မျက်လုံးဖြူစေတဲ့ ဗီဇက X ခရိုမိုဇုန်းပေါ်မှာ ရှိနေတဲ့အတွက် ဒုတိယမျိုးဆက်မှာ ယင်ဖိုတွေချည်းသာ မျက်လုံးဖြူလာရခြင်း ဖြစ်ကြောင်း သင်္ချာနည်းကျ သက်သေပြနိုင်ခဲ့ပါတယ်။ (ဒီဖြစ်စဉ်ကို Sex-linked inheritance လို့ ခေါ်ပါတယ်)။
ဒီတွေ့ရှိမှုဟာ ဇီဝဗေဒလောက ကို အကြီးအကျယ်လှုပ်ခတ်သွားစေခဲ့ပါတယ်။ အရင်က လေထဲဝဲနေတဲ့ မျိုးရိုးဗီဇ (Genes) ဆိုတာတွေဟာ၊ ဆဲလ်ထဲမှာရှိတဲ့ ခရိုမိုဇုန်း တွေပေါ်မှာ ပုတီးစေ့လေးတွေလို အစီအရီ တန်းစီပြီး တည်ရှိနေတယ် ဆိုတာကို လက်တွေ့ ပထမဆုံး သက်သေပြလိုက်နိုင်တာ ဖြစ်ပါတယ်။
ဒီကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုကြောင့် သောမတ်စ် ဟန့် မော်ဂန် ဟာ ၁၉၃၃ ခုနှစ်မှာ ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
ဒီကနေ့ခေတ်မှာ ကျွန်တော်တို့တွေ DNA စစ်ဆေးမှုတွေ လုပ်နိုင်တာ မိဘဆီကနေ သားသမီးဆီကို ဆင်းသက်လာတတ်တဲ့ မျိုးရိုးဗီဇ ရောဂါတွေ (ဥပမာ - သွေးမတိတ်ရောဂါ၊ ကာလာဘလိုင်းရောဂါ) ကို ကြိုတင် သိရှိ ကုသနိုင်တာတွေ အားလုံးဟာ မော်ဂန် ရှာဖွေတွေ့ရှိခဲ့တဲ့ ခရိုမိုဇုန်း အခြေခံ သီအိုရီ ပေါ်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အရာဝတ္ထု သေးသေးလေးတွေ၊ သာမန် အင်းဆက်ပိုးမွှားလေးတွေကနေတဆင့် သဘာဝတရားကြီးရဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်တယ် ဆိုတာကို ပညာရှင်ကြီး သောမတ်စ် ဟန့် မော်ဂန် က သက်သေပြသွားခဲ့ပါကြောင်း ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ရပါတယ်။
23/06/2026
အတားအဆီးတွေကို ရိုက်ချိုးပြီး ခေတ်သစ်ဆေးပညာကို လမ်းဖောက်ခဲ့သူ
ဒီကနေ့ခေတ်မှာ ကလေးငယ်တွေ သွေးကင်ဆာဖြစ်ရင် ကုသလို့ ရနေပါပြီ။ ကျောက်ကပ် ပျက်စီးသွားရင်လည်း အခြားသူဆီက ကျောက်ကပ်ကို အစားထိုး ကုသနိုင်နေပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်ကတော့ ဒီလိုရောဂါတွေဟာ ကုသဆေး လုံးဝမရှိတဲ့ သေမင်းတမန် ရောဂါဆိုးကြီးတွေ ဖြစ်ခဲ့ပါတယ်။
ဒီလို ကုသလို့မရဘူးလို့ ထင်ထားတဲ့ ရောဂါဆိုးတွေကို ကုသနိုင်မယ့် အသက်ကယ်ဆေး ပေါင်းများစွာကို တီထွင်ဖန်တီးပေးခဲ့သူကတော့ အမေရိကန် အမျိုးသမီး သိပ္ပံပညာရှင် ဂါးထရုဒ် ဘီ အီလီယွန် (Gertrude B. Elion) ပဲ ဖြစ်ပါတယ်။
သူမဟာ ဆေးဝါးတီထွင်မှု သမိုင်းတလျှောက်မှာ အကြီးကျယ်ဆုံးသော အမျိုးသမီး တီထွင်သူ တစ်ဦးအဖြစ် မှတ်တမ်းဝင်ပါတယ်။
ဂါးထရုဒ် ကို ၁၉၁၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမ အသက် ၁၅ နှစ် အရွယ်မှာ အလွန်ချစ်ရတဲ့ အဘိုးဖြစ်သူဟာ အစာအိမ် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
မကွယ်လွန်မီ အဘိုးဖြစ်သူ နာကျင်စွာ ခံစားသွားရတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတဲ့ ဂါးထရုဒ် လေးဟာ အလွန် ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ကင်ဆာရောဂါကို ပျောက်ကင်းစေမယ့် ဆေးကို ငါကိုယ်တိုင် တီထွင်မယ် ဆိုပြီး သံဓိဌာန်ချခဲ့ပါတယ်။ ဒါကပဲ သူမရဲ့ တသက်တာ ရည်မှန်းချက် ဖြစ်လာခဲ့ပါတယ်။
၁၉၃၇ ခုနှစ်မှာ ဂါးထရုဒ် ဟာ ဓာတုဗေဒ ဘာသာရပ်နဲ့ တက္ကသိုလ်ကနေ ထူးချွန်စွာ ဘွဲ့ရခဲ့ပါတယ်။ သူမဟာ ကင်ဆာဆေးတွေ ဖော်စပ်ဖို့ ဓာတ်ခွဲခန်းတွေမှာ အလုပ်လျှောက်ပါတော့တယ်။ ဒါပေမဲ့ သူမ လျှောက်တဲ့ နေရာတိုင်းက အလုပ်မခန့်ဘဲ ပယ်ချခဲ့ကြပါတယ်။
အကြောင်းရင်းကတော့ သူမရဲ့ အရည်အချင်းကြောင့် မဟုတ်ပါဘူး။ အမျိုးသမီး ဖြစ်နေလို့ပါတဲ့။ အဲဒီခေတ်က ဓာတ်ခွဲခန်းတွေဟာ ယောကျာ်းလေးတွေသာ အလုပ်လုပ်တဲ့ နေရာဖြစ်ပြီး မိန်းကလေး တစ်ယောက် ရောက်လာရင် ယောကျာ်းလေးတွေ အာရုံနောက်လိမ့်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်မခန့်ခဲ့ကြတာပါ။
ဒါပေမဲ့ သူမဟာ ဇွဲမလျှော့ခဲ့ပါဘူး။ အထက်တန်းကျောင်းမှာ ဓာတုဗေဒ ဆရာမ ဝင်လုပ်တယ်။ စားသောက်ကုန် ကုမ္ပဏီမှာ အရည်အသွေး စစ်ဆေးတဲ့ အလုပ်တွေ လုပ်ရင်း အချိန်ကို ဖြတ်သန်းခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး စတင်တဲ့ အခါမှာတော့ ယောကျာ်းလေးတွေ စစ်ထဲလိုက်သွားကြလို့ ဓာတ်ခွဲခန်းတွေမှာ လူလိုလာပါတယ်။ အဲဒီတော့မှသာ ဂါးထရုဒ် တစ်ယောက် ဓာတ်ခွဲခန်းထဲကို ဝင်ခွင့်ရသွားပါတော့တယ်။
၁၉၄၄ ခုနှစ်မှာ ဂါးထရုဒ် ဟာ ဒေါက်တာ George Hitchings ဆိုတဲ့ ပညာရှင်ရဲ့ ဓာတ်ခွဲခန်းမှာ အလုပ်ရခဲ့ပါတယ်။ အဲဒီအချိန်က ဆေးအသစ် တစ်ခုကို ရှာဖွေတဲ့အခါ စမ်းသပ်ကြည့်လိုက်၊ မှားရင် နောက်တစ်ခု ပြောင်းစမ်းလိုက် (Trial and Error) ဆိုတဲ့ နည်းလမ်းကိုပဲ သုံးကြပါတယ်။
ဒါပေမဲ့ ဂါးထရုဒ် နဲ့ ဒေါက်တာ ဟစ်ချင် တို့ဟာ ဒီနည်းလမ်းကို ပြောင်းလဲပစ်ခဲ့ပါတယ်။ သူတို့က ရောဂါဖြစ်စေတဲ့ ဆဲလ် (ကင်ဆာဆဲလ်၊ ဘက်တီးရီးယားဆဲလ်) တွေဟာ ပုံမှန်ဆဲလ်တွေနဲ့ ဘာကွာခြားလဲ ဆိုတာကို အရင်ဆုံး အသေးစိတ် လေ့လာပါတယ်။ ပြီးတော့ အဲဒီ ကင်ဆာဆဲလ်တွေ ပွားများဖို့ လိုအပ်တဲ့ DNA ဖွဲ့စည်းပုံကို သွားရောက် ဖျက်ဆီးပစ်နိုင်မယ့် တိကျတဲ့ ဓာတုပစ္စည်း (Rational Drug Design) တွေကို ပစ်မှတ်ထားပြီး တီထွင် ဖန်တီးခဲ့ကြပါတယ်။
ဒီနည်းလမ်းဟာ ဆေးဝါးတီထွင်မှု သမိုင်းမှာ ကြီးမားတဲ့ တော်လှန်ရေး တစ်ခု ဖြစ်လာခဲ့ပါတယ်။
သူမရဲ့ ဒီတီထွင်ဆန်းသစ်တဲ့ နည်းလမ်းသစ်ကြောင့်ပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် အသက်ကယ်ဆေး အများအပြားကို သူမကိုယ်တိုင် တီထွင် ဖန်တီးနိုင်ခဲ့ပါတယ်။
သွေးကင်ဆာဆေး (Mercaptopurine) - အရင်က ကလေးငယ်တွေ သွေးကင်ဆာ ဖြစ်ရင် လပိုင်းအတွင်း သေဆုံးကြရပါတယ်။ သူမ တီထွင်ခဲ့တဲ့ ဒီဆေးကြောင့် ကလေးငယ် အများစုဟာ အသက်ရှင်သန်ခွင့် ရသွားခဲ့ပါတယ်။
ကိုယ်တွင်းအင်္ဂါ အစားထိုး ကုသဆေး (Azathioprine) - အရင်က ကျောက်ကပ် လဲလှယ် အစားထိုးတဲ့အခါ ခန္ဓာကိုယ်က လက်မခံဘဲ ပြန်လည် တိုက်ထုတ်ပစ်တတ်ပါတယ်။ ဂါးထရုဒ် တီထွင်တဲ့ ဒီဆေးက ကိုယ်ခံအားစနစ်ကို ခေတ္တ ထိန်းချုပ်ပေးထားတဲ့အတွက် ကိုယ်တွင်းအင်္ဂါ အစားထိုး ကုသမှုတွေကို ပထမဆုံး အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဂေါက်ရောဂါ ကုသဆေး (Allopurinol) - ယနေ့တိုင် အသုံးပြုနေဆဲဖြစ်တဲ့ အဆစ်အမြစ် ရောင်ရမ်းတဲ့ ဂေါက်ရောဂါ သက်သာစေတဲ့ ဆေးကိုလည်း တီထွင်ခဲ့ပါတယ်။
ဗိုင်းရပ်စ် သ_တျ_ဆေး (Acyclovir) - အရင်က ဗိုင်းရပ်စ်ကို သ_တျ_တဲ့ဆေး မရှိခဲ့ပါဘူး။ သူမဟာ ရေယုန်လိုမျိုး ဗိုင်းရပ်စ် ရောဂါတွေကို ကုသနိုင်တဲ့ ပထမဆုံး ဗိုင်းရပ်စ် သ_တျ_ဆေးကို တီထွင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်း ထွက်ပေါ်လာတဲ့ HIV/AIDS ကုသဆေး တွေဟာလည်း သူမရဲ့ ဒီသုတေသနကို အခြေခံပြီး တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂါးထရုဒ် ဟာ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်နေရင်း ညဘက်တွေမှာ ပါရဂူဘွဲ့ရဖို့အတွက် ကျောင်းတက်ခဲ့ပါတယ်။ နှစ်အတော်ကြာတဲ့အခါ ကျောင်းက သူမကို အလုပ်ကနေ ထွက်ပြီး ကျောင်းကိုပဲ အချိန်ပြည့် တက်မလား၊ ကျောင်းထွက်မလား ဆိုပြီး ရွေးချယ်ခိုင်းပါတယ်။
သူမဟာ အလုပ်ကို အလွန်ချစ်မြတ်နိုးတဲ့အတွက် ပါရဂူဘွဲ့ မယူတော့ဘဲ ကျောင်းထွက်လိုက်ပါတော့တယ်။ ဒါကြောင့် သူမဟာ တကယ့် သိပ္ပံပညာရှင်ကြီး ဖြစ်ပေမဲ့ ဒေါက်တာဘွဲ့တော့ မရရှိခဲ့ပါဘူး။
ဒါပေမဲ့ သူမရဲ့ အံ့မခန်း တီထွင်မှုတွေကြောင့် ၁၉၈၈ ခုနှစ်မှာ ဆေးပညာဆိုင်ရာ နိုဘယ်ဆု ကို လုပ်ဖော်ကိုင်ဖက် ဒေါက်တာ ဂျော့ချ် ဟစ်ချင်၊ Sir James Black တို့နှင့်အတူ ပူးတွဲ ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
ပါရဂူဘွဲ့ မရှိဘဲ သိပ္ပံပညာရပ်ဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့တဲ့ သမိုင်းတလျှောက် အလွန် ရှားပါးတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးတွေက သူမကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေါင်း အများအပြား ချီးမြှင့်ခဲ့ကြပါတယ်။
ဂါးထရုဒ် ဘီ အီလီယွန် ဟာ ငယ်စဉ်ကတည်းက ကင်ဆာကို အနိုင်ယူမယ် ဆိုတဲ့ ကတိတစ်ခုကို ပေးခဲ့ပြီး တစ်သက်လုံး အဲဒီကတိကို တည်အောင် ကြိုးစားသွားခဲ့တဲ့ ကြီးမြတ်သော အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။
ခွဲခြားဆက်ဆံမှုတွေ ကြုံလာရတိုင်း လက်လျှော့ ငိုကြွေးမနေဘဲ မဆုတ်မနစ်လုပ်နိုင်စွမ်းနဲ့သာ သက်သေပြသွားခဲ့ပါတယ်။
သူမ တီထွင်ခဲ့တဲ့ အသက်ကယ်ဆေးတွေကြောင့် ဒီကနေ့ ကမ္ဘာပေါ်က လူပေါင်း သန်းနဲ့ချီပြီး အသက်ရှင်သန်နေနိုင်တာဟာ ဒီအမျိုးသမီး တီထွင်သူကြီးရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျေးဇူးတရားပင် ဖြစ်ပါကြောင်း ဗဟုသုတအဖြစ် ဝေမျှလိုက်ရပါတယ်။
22/06/2026
အမ်ပီယာ ဆိုတဲ့ နာမည် နောက်ကွယ်က ပါရမီရှင်
ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ဖုန်းအားသွင်းခေါင်းတွေ၊ မီးပလပ်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေမှာ 1A, 2A စသဖြင့် ရေးထားတာကို သတိထားမိကြမှာပါ။ ဒီ 'A' ဆိုတဲ့ အက္ခရာဟာ Ampere (အမ်ပီယာ) ကို ကိုယ်စားပြုပါတယ်။ လျှပ်စစ်စီးဆင်းမှု ပမာဏ (Electric Current) ကို တိုင်းတာတဲ့ ယူနစ်တစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီယူနစ်နာမည်ရဲ့ နောက်ကွယ်မှာ ဘယ်လိုလူမျိုး ရှိနေခဲ့သလဲ။ ဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းပြီး ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သလဲ ဆိုတာကိုတော့ သိတဲ့သူ နည်းပါလိမ့်မယ်။
သူကတော့ ပြင်သစ်လူမျိုး သိပ္ပံပညာရှင်ကြီး အန်ဒရေ-မာရီ အမ်ပီယာ (André-Marie Ampère) ပဲ ဖြစ်ပါတယ်။
အမ်ပီယာကို ၁၇၇၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ ချမ်းသာတဲ့ ကုန်သည်တစ်ဦးပါ။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ အမ်ပီယာဟာ ငယ်စဉ်က ဘယ်ကျောင်းကိုမှ မသွားခဲ့ရပါဘူး။
သူ့ဖခင်ဟာ ကလေးတွေကို လွတ်လွတ်လပ်လပ် ကိုယ်တိုင်လေ့လာသင်ယူစေချင်တဲ့ ပညာရေးအမြင်ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် အမ်ပီယာလေးဟာ ဖခင်ရဲ့ စာကြည့်တိုက်ကြီးထဲမှာပဲ အချိန်ကုန်ခဲ့ပါတယ်။ သူဟာ အသက် ၁၂ နှစ်အရွယ်မှာတင် ခက်ခဲနက်နဲတဲ့ သင်္ချာပညာရပ်တွေကို ကိုယ်တိုင်လေ့လာ တတ်မြောက်နေခဲ့ပါပြီ။ သူဟာ စာအုပ်တွေကို ဖတ်ရင်းနဲ့ပဲ သဘာဝတရားရဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားလာခဲ့ပါတယ်။
အမ်ပီယာ အသက် ၁၈ နှစ်အရွယ်မှာ ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီတော်လှန်ရေးဟာ သူ့ဘဝကို အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။
နိုင်ငံရေး အရှုပ်အထွေးတွေကြားမှာ သူ့ရဲ့ ချစ်လှစွာသော ဖခင်ဖြစ်သူ ဖမ်းဆီးခံခဲ့ရပြီး ခေါင်း_ြ_ဖတ်_စက်နဲ့ ကွပ်မျက်ခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်ဟာ လူငယ်လေး အမ်ပီယာအတွက် ကြီးမားတဲ့ သောကရောက်မှုကြီး ဖြစ်ခဲ့ပါတယ်။ ဖခင်သေဆုံးပြီးနောက် သူဟာ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းခဲ့ပြီး တစ်နှစ်ကျော်ကြာအောင် ဘာကိုမှ စိတ်မဝင်စားတော့ဘဲ အချိန်တွေကို အလဟဿ ကုန်လွန်စေခဲ့ပါတယ်။
အချိန်တွေ ကြာလာတဲ့အခါ အမ်ပီယာဟာ ပညာရပ်တွေဘက်ကို ပြန်လည်အာရုံစိုက်လာနိုင်ခဲ့ပါတယ်။ ၁၇၉၉ ခုနှစ်မှာတော့ သူဟာ Julie Carron ဆိုတဲ့ အမျိုးသမီးလေးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ သူတို့ရဲ့ အိမ်ထောင်ရေးဟာ အရမ်းကို သာယာပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်။ သားလေးတစ်ယောက်လည်း ထွန်းကားခဲ့ပါတယ်။
ဒါပေမဲ့ လောကဓံတရားက သူ့ကို ထပ်ပြီး စမ်းသပ်ခဲ့ပြန်ပါတယ်။ အိမ်ထောင်သက် ၄ နှစ်အကြာမှာပဲ ဇနီးဖြစ်သူ ဂျူလီဟာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အမ်ပီယာဟာ နောက်ထပ်တစ်ကြိမ် နှလုံးကွဲကြေခဲ့ရပြန်ပါတယ်။ ဒီဝမ်းနည်းမှုတွေကို မေ့ဖျောက်ဖို့အတွက် သူဟာ သိပ္ပံပညာနဲ့ သုတေသနအလုပ်တွေထဲမှာ သူ့ကိုယ်သူ နစ်မြှုပ်ပစ်လိုက်ပါတော့တယ်။
အမ်ပီယာရဲ့ အကြီးမားဆုံး အောင်မြင်မှုဟာ ၁၈၂၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
အဲဒီအချိန်က ဒိန်းမတ် ရူပဗေဒပညာရှင် Hans Christian Ørsted ဟာ လျှပ်စစ်စီးဆင်းနေတဲ့ ကြိုးနားကို သံလိုက်အိမ်မြှောင် ကပ်သွားတဲ့အခါ သံလိုက်အပ်လေး ရွေ့လျားသွားတာကို မတော်တဆ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ လျှပ်စစ်နဲ့ သံလိုက်ဓာတ် ဆက်စပ်နေတယ်ဆိုတာကို ပထမဆုံး သိလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
ဒီသတင်းကို အမ်ပီယာ ကြားတဲ့အခါ သူဟာ အရမ်းကို စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ဓာတ်ခွဲခန်းထဲမှာ နေ့ရောညပါ အပြင်မထွက်ဘဲ စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။
အံ့ဩစရာကောင်းတာက... အော်စတက်ရဲ့ ရှာဖွေတွေ့ရှိမှုကို သိပြီး ၁ပတ် အတွင်းမှာပဲ အမ်ပီယာဟာ လျှပ်စစ်နဲ့ သံလိုက် ဘယ်လိုဆက်စပ်နေသလဲ ဆိုတဲ့ ဥပဒေသ (Ampère's Law) ကို သင်္ချာနည်းကျကျ တိတိကျကျ တွက်ချက်ပြသနိုင်ခဲ့ပါတယ်။ သူက လျှပ်စစ်စီးဆင်းနေတဲ့ ကြိုးနှစ်ချောင်းကို ယှဉ်ထားတဲ့အခါ...
လျှပ်စစ်စီးတဲ့ လမ်းကြောင်း တူရင် - ကြိုးနှစ်ချောင်း ဆွဲငင်ကြတယ်။
လျှပ်စစ်စီးတဲ့ လမ်းကြောင်း ဆန့်ကျင်ဘက်ဖြစ်ရင် - ကြိုးနှစ်ချောင်း တွန်းကန်ကြတယ် ဆိုတာကို လက်တွေ့ ပြသနိုင်ခဲ့ပါတယ်။
ဒီရှာဖွေတွေ့ရှိမှုကြောင့် အမ်ပီယာကို လျှပ်စစ်သံလိုက်ဓာတ် (Electromagnetism) ရဲ့ ဖခင်ကြီး လို့ သတ်မှတ်ခဲ့ကြပါတယ်။ လျှပ်စစ်စွမ်းအင်ကို သံလိုက်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်တဲ့ သီအိုရီတွေကို သူက အခိုင်အမာ ချမှတ်ပေးခဲ့ပါတယ်။
နာမည်ကျော် သိပ္ပံပညာရှင်ကြီး James Clerk Maxwell ကဆိုရင် အမ်ပီယာရဲ့ ဉာဏ်ရည်ကို အလွန်လေးစားခဲ့ပြီး သူ့ကို လျှပ်စစ်လောကရဲ့ နယူတန် (The Newton of Electricity) လို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။
အန်ဒရေ-မာရီ အမ်ပီယာဟာ ၁၈၃၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ အသက် ၆၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ပြီး ၄၅ နှစ်အကြာ (၁၈၈၁ ခုနှစ်) မှာတော့ နိုင်ငံတကာ သိပ္ပံပညာရှင်တွေ ညီလာခံကြီးကနေ လျှပ်စစ်စီးဆင်းမှုကို တိုင်းတာတဲ့ ယူနစ်ကို သူ့ကိုဂုဏ်ပြုသောအားဖြင့် Ampere (အမ်ပီယာ) လို့ တရားဝင် သတ်မှတ်ပေးခဲ့ကြပါတယ်။
သူ့ရဲ့ ဘဝဟာ ချစ်ရသူတွေ ဆုံးရှုံးရတဲ့ နာကျင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပေမဲ့ အဲဒီနာကျင်မှုတွေကို ခွန်အားပြောင်းပြီး လူသားအကျိုးပြု သိပ္ပံပညာရပ်တွေအဖြစ် ဖန်တီးသွားခဲ့ပါတယ်။
ဒီနေ့ခေတ် ကျွန်တော်တို့ သုံးစွဲနေတဲ့ လျှပ်စစ်မော်တာတွေ၊ ထရန်စဖော်မာတွေနဲ့ ခေတ်မီနည်းပညာတွေ အားလုံးဟာ အမ်ပီယာရဲ့ ကြိုးစားအားထုတ်မှုတွေ အပေါ်မှာ အခြေခံ တည်ဆောက်ထားတာလို့ ပြောရင် မမှားပါဘူး။
ဒီလောက်ဆိုရင်တော့ လျှပ်စစ် နဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အမြဲလိုလိုသုံးစွဲနေကြတဲ့ အမ်ပီယာ ဆိုတဲ့အမည်ရဲ့ နောက်ကွယ်က ပိုင်ရှင်ကို သိရှိသွားလောက်ပြီ ထင်ပါတယ်။