14/06/2026
Pika sharing
"I Make Winners Win BIGGER"
14/06/2026
ဒီနေ့ခေတ်မှာ ဖုန်းတစ်ချက် ဖွင့်ကြည့်လိုက်တာနဲ့ သူများတွေ နေရာတစ်ခုကို ရောက်နေတာ မြင်ရဖို့ အရမ်းလွယ်ကူတယ် ။
ခရီးတွေ သွားနေတာတွေ ငွေကြေးသုံးနိုင်တာတွေနဲ့ လှပတဲ့ ဘဝနေထိုင်မှုတွေကိုပဲ သင်က မြင်ရတာပါ ။
အဲ့ဒီအချိန်မှာ သင်က ကိုယ့်ဘဝကိုယ် ပြန်ကြည့်ပြီး
သိမ်ငယ်စိတ်တွေ တားမရဆီးမရ ဝင်လာတတ်တယ် ။
ငါကျတော့ ဘာလို့ သူတို့လို မဖြစ်ရတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် မုန်းလာတယ် ။
ဒါက ဘာကြောင့်ဖြစ်ရတာလဲ ဆိုရင် သင်က
သူတို့ရဲ့ ပြသထားတဲ့ အကောင်းဆုံး အခိုက်အတန့်တွေကိုပဲ မြင်ရလို့ပါ ။
အဲ့ဒီရလဒ်တွေ နောက်ကွယ်မှာ သူတို့ ဘယ်လောက်တောင် အိပ်ရေးပျက်ခံခဲ့ရလဲ ဆိုတာကို သင် မမြင်ရဘူး ။
သင်မသိတဲ့ နာကျင်မှုတွေနဲ့ အကြိမ်ကြိမ် လဲကျခဲ့တာတွေကို သူတို့က ချပြလေ့မရှိဘူး ။
လူဆိုတာ ကိုယ့်ရဲ့ အဆိုးဆုံး အချိန်တွေကို သိုဝှက်ထားတတ်ကြတယ် ။
ဒါကြောင့် သင့်ရဲ့ လက်ရှိ ပြင်ဆင်မထားတဲ့ နောက်ကွယ်က ဘဝအစစ်အမှန်ကို သူတို့ရဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်ယောင်နဲ့ သွားမနှိုင်းယှဉ်ပါနဲ့ ။
သွားနှိုင်းယှဉ်နေသရွေ့ သင်ပဲ ပိုပြီး စိတ်ဓာတ်ကျလေ ဖြစ်မှာပါ ။
ကိုယ့်ဘဝကို အထင်သေးနေလို့လည်း လက်ရှိ အခြေအနေကနေ သင် တစ်ဖဝါးမှ ရှေ့ရောက်လာမှာ မဟုတ်ဘူး ။
သင့်ဘဝက အခုမှ ဘာမှ မရှိသေးတာဟာ ရှက်စရာ မဟုတ်ပါဘူး ။
ဘာမှ မလုပ်ဘဲ ထိုင်ပြီး အားငယ်နေတာကသာ ရှက်စရာကောင်းတာပါ ။
တကယ်လို့ သင်က သူတို့ ရောက်နေတဲ့ နေရာကို လိုချင်တယ်ဆိုရင် အားကျစိတ်ကို လက်တွေ့ကျတဲ့ လောင်စာအဖြစ် ပြောင်းလဲပစ်ဖို့ လိုတယ် ။
သူတို့ ဖြတ်သန်းခဲ့တဲ့ လမ်းကို သေချာလေ့လာပါ ။
သူတို့ ဘာတွေ စတေးခဲ့ရလဲ ဘယ်လို စည်းကမ်းတွေ တည်ဆောက်ခဲ့ရလဲ ဆိုတာကို ကြည့်ပါ ။
သူတို့ရဲ့ လုပ်ရပ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ကိုယ့်ဘဝအတွက် လက်တွေ့လုပ်လို့ရမယ့် အရာတွေကို စလုပ်ပါ ။
ကိုယ့်ကိုယ်ကိုယ် သနားနေမယ့် အစား ကိုယ့်အရည်အချင်းကို မြှင့်တင်ဖို့ အချိန်ပေးပါ ။
ကိုယ့်ဘဝကို အထင်သေးနေတဲ့ စိတ်က သင့်ကို အောက်ဆုံးအထိ ဆွဲချသွားလိမ့်မယ် ။
သင့်ဘဝက အခုမှ ပုံဖော်ရမယ့် အချိန်ပါ ။
သူများတွေ ပြေးနေတာကို ထိုင်ကြည့်ပြီး ငါ့မှာ ဖိနပ်မရှိဘူးဆိုပြီး ညည်းတွားမနေပါနဲ့ ။
ခြေဗလာနဲ့ ဖြစ်ဖြစ် စပြီး လျှောက်လှမ်းဖို့ သတ္တိမွေးပါ ။
လမ်းလျှောက်ရင်းနဲ့မှ လိုအပ်တာတွေကို တစ်ခုချင်းစီ ရှာဖွေသွားလို့ ရတယ် ။
ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိ ဆက်လျှောက်ပါ ။
တဖြည်းဖြည်းနဲ့ သင်လည်း တခြားသူတွေ အားကျရလောက်တဲ့ နေရာတစ်ခုကို ရောက်လာလိမ့်မယ် ။
အခု လက်ရှိ ရောက်နေတဲ့ နေရာကနေပဲ အကောင်းဆုံး ဖြစ်အောင် စတင်တည်ဆောက်လိုက်ပါ ။
ရည်မှန်းချက်တွေ အများကြီးထားတယ် ။
လိုချင်တာတွေလည်း တစ်ပုံကြီးပဲ ။
ဒီနေ့ တစ်ခုလုပ်ချင်စိတ်ပေါက်လိုက် ၊ မနက်ဖြန် နောက်တစ်ခု ပြောင်းလုပ်ချင်သွားလိုက်နဲ့
ဘာကိုမှ အဆုံးအစွန်အထိ ရလဒ်ထွက်အောင် မလုပ်ဖြစ်ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေပြီလား ။
အဲ့ဒါဆိုရင် ကျနော်ပြောတာကို သေချာနားထောင်ပါ ။
အသစ်တစ်ခု စလုပ်ရတာက အရမ်းလွယ်တယ် ။
စိတ်ကူးယဉ်ရတာ အရသာရှိတယ် ။
ငါဒါကိုလုပ်လိုက်ရင် ဘယ်လိုတွေ ဖြစ်လာမလဲဆိုပြီး တွေးနေရတာကိုက စိတ်တက်ကြွစရာ ကောင်းနေတယ် ။
ဒါပေမယ့် တကယ်တမ်း လက်တွေ့လုပ်ရတဲ့ အဆင့်ရောက်တဲ့အခါ အရာအားလုံးက ပြောင်းလဲသွားတယ် ။
ပျင်းစရာကောင်းလာတယ် ။
ပင်ပန်းလာတယ် ။
အဲ့ဒီအချိန်မှာ သင်က နောက်ထပ် အသစ်တစ်ခုကို ထပ်ရှာတွေ့သွားပြန်တယ် ။
ဒီအလုပ်က ငါနဲ့မကိုက်ဘူး ၊ နောက်အသစ်ကမှ ငါနဲ့ပိုကိုက်မှာဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးလိုက်တယ် ။
ပြီးတော့ ဟိုဟာကို ပစ်ချခဲ့ပြီး အသစ်တစ်ခုကို ထပ်ပြောင်းလုပ်တယ် ။
ဒီလိုနဲ့ သံသရာလည်နေတာ အခုဆို အချိန်တွေသာ ကုန်သွားတယ် ဘာရလဒ်မှ ထွက်မလာဘူး ။
သေချာစဉ်းစားကြည့်ပါ ။
သင်က ကိုယ်နဲ့ကိုက်မယ့်အလုပ်ကို ရှာနေတာ မဟုတ်ဘူး ။
ခက်ခဲလာတဲ့အချိန်တိုင်းမှာ ထွက်ပြေးဖို့ အလွယ်လမ်းကို လိုက်ရှာနေတာ ဖြစ်တယ် ။
အစပိုင်းမှာ စိတ်တက်ကြွပေမယ့် အလယ်ရောက်ရင် အားလုံးက ပျင်းစရာကောင်းတာချည်းပဲ ။
ဒီလို ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ရင်းနဲ့ အဆိုးဆုံး ထိခိုက်သွားတာက သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပဲ ။
အလုပ်တစ်ခုကို အဆုံးထိ မလုပ်ဘဲ လက်လျှော့လိုက်တိုင်း သင့်ဦးနှောက်က အဲ့ဒါကို မှတ်သားထားတယ် ။
သင်က စကားတည်တဲ့သူ မဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ် သက်သေပြနေသလို ဖြစ်နေတယ် ။
နောက်ပိုင်း ဘာအသစ်ပဲ စလုပ်စလုပ် ငါဒါလည်း အဆုံးထိ လုပ်နိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ သိမ်ငယ်စိတ်က အလိုလို ဝင်လာတယ် ။
တဖြည်းဖြည်းနဲ့ ဘာကိုမှ ယုံကြည်ချက်ရှိရှိ မလုပ်ရဲတော့တဲ့ လူတစ်ယောက် ဖြစ်သွားတတ်တယ် ။
ဒီအခြေအနေကနေ ရုန်းထွက်ချင်တယ်ဆိုရင် သင့်မှာ ရည်မှန်းချက်တွေ အများကြီးရှိရင်တောင် အကုန်လုံးကို ခဏမေ့ထားလိုက်ပါ ။
တစ်ခုတည်းကိုပဲ ရွေးပါ ။
အဲ့ဒီတစ်ခုကို ရွေးပြီးရင် ကျန်တာတွေကို လုံးဝ လှည့်မကြည့်ပါနဲ့တော့ ။
ဘယ်လောက်ပဲ ပျင်းစရာကောင်းလာပါစေ ၊ ဘယ်လောက်ပဲ ခက်ခဲလာပါစေ အဆုံးထိရောက်အောင် ဆက်လုပ်ပါ ။
စလုပ်တဲ့သူတွေက အများကြီးပါ ။
ဒါပေမယ့် ပြီးဆုံးအောင် လုပ်တဲ့သူက အရမ်းနည်းတယ် ။
သင်က အမြဲတမ်း စလုပ်တဲ့သူနေရာမှာပဲ နေသွားမှာလား ။
ဒါမှမဟုတ် ပြီးဆုံးအောင် လုပ်နိုင်တဲ့သူ တစ်ယောက် ဖြစ်ချင်တာလား ။
အရာရာကို လိုချင်နေပြီး ဘာတစ်ခုမှ သေချာမလုပ်တဲ့သူဟာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး ။
ရလဒ်ဆိုတာ စလုပ်ရုံနဲ့ ရလာတဲ့အရာ မဟုတ်ဘူး ။
အဆုံးထိရောက်အောင် တောင့်ခံနိုင်တဲ့သူတွေမှသာ ရလဒ်ဆိုတာကို ပိုင်ဆိုင်နိုင်တာ ဖြစ်တယ် ။
အခုကစပြီး ဟိုယောင် ဒီယောင် လုပ်နေတဲ့ အကျင့်ကို ဖျောက်ပါ ။
တစ်ခုတည်းကို ရွေးပါ ။
အဆုံးထိ သွားပါ ။
မလုပ်ချင်တာကို မလုပ်ဘဲ နေလိုက်တာက အခုလောလောဆယ်တော့ သက်သာသွားတာ အမှန်ပဲ ။
ဒါပေမယ့် အဲ့ဒီသက်သာမှုက အချိန်တိုလေးပဲ ခံတဲ့ အတုအယောင်ဆိုတာ သင်သိဖို့လိုတယ် ။
ဘာလို့လဲဆိုတော့ အခက်အခဲဆိုတာ သင် အခု မကြုံလည်း နောင်ကြုံရမှာမို့လို့ပါပဲ ။
အသက် ၂၀ အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရမယ့် အလုပ်တွေ၊ ပင်ပန်းတဲ့ အလုပ်တွေကို သင် ရှောင်ပြေးလို့ ရတယ် ။
ခေါင်းထဲ ဘာမှမထည့်ဘဲ ပေါ့ပေါ့ပါးပါး နေလိုက်မယ် ။
အဲ့ဒီအချိန်မှာ သင် ရှောင်ပြေးခဲ့တဲ့ တာဝန်တွေနဲ့ အခက်အခဲတွေက လုံးဝ ပျောက်သွားတာ မဟုတ်ဘူး ။
အကြွေးလိုမျိုး အတိုးတွေ စုပြီး သင့်အသက် ၃၀ ကျော် ၄၀ အရွယ်မှာ အလုံးလိုက် အရင်းလိုက် ပြန်လာမှာ ဖြစ်တယ် ။
အဲ့ဒီအချိန်ကျရင် သင်က အရင်လို လူငယ်လေး မဟုတ်တော့ဘူး ။
သင့်ကို မှီခိုရမယ့် မိသားစု ရှိလာမယ် ။
သင့်ကို ဖြေရှင်းခိုင်းမယ့် ပြဿနာတွေက ပိုကြီးလာမယ် ။
အခုအချိန်မှာ ငွေကြေးရှာဖွေဖို့၊ စည်းကမ်းရှိဖို့၊ အရည်အချင်းရှိဖို့ ကြိုးစားရတဲ့ အခက်အခဲကို သင် ငြင်းဆန်ခဲ့ရင်
နောက်ပိုင်းမှာ ဘာမှမလုပ်တတ်မကိုင်တတ်လို့ သူများအောက်ကျို့ရတဲ့ အခက်အခဲကို မလွဲမသွေ ခံရလိမ့်မယ် ။
လူ့ဘဝဆိုတာ အမြဲတမ်း ရွေးချယ်မှုတွေနဲ့ ပြည့်နေတယ် ။
ကြိုးစားရတာ၊ အိပ်ရေးပျက်ခံရတာ၊ ကိုယ့်စိတ်ကို ချုပ်တည်းရတာတွေက ခက်ခဲတယ် ။
ဒါပေမယ့် အိတ်ကပ်ထဲ ပိုက်ဆံမရှိတာ၊ လူတွေရဲ့ အထင်သေးခံရတာ၊ ကိုယ့်မိသားစုကို မထောက်ပံ့နိုင်တာကလည်း အရမ်းကို ခက်ခဲတာပဲ ။
သင် ဘယ်အခက်အခဲကို ရွေးချယ်မလဲ ဆိုတာပဲ ကွာသွားတာပါ ။
အခုချိန်မှာ ပင်ပန်းရတဲ့ အခက်အခဲကို ရင်ဆိုင်လိုက်ရင် သင့်မှာ အရည်အချင်းတွေ ကျန်ခဲ့မယ် ။
ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိလာမယ် ။
နောက်ကြုံလာမယ့် ပိုကြီးတဲ့ လောကဓံတွေကို ခံနိုင်ရည်ရှိတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ် ရလာမယ် ။
အဲ့ဒီလိုမှ မဟုတ်ဘဲ အခု သက်သာတဲ့ လမ်းကိုပဲ ရွေးနေရင်တော့ နောက်ပိုင်းကြုံရမယ့် အခက်အခဲတွေက သင့်ကို အလွယ်တကူ ရိုက်ချိုးသွားလိမ့်မယ် ။
သင် အမြဲတမ်း ကလေးတစ်ယောက်လို နေသွားလို့ မရဘူး ။
အချိန်တွေ ကုန်လာတာနဲ့အမျှ လောကကြီးက သင့်ကို ပိုပြီး ကြမ်းတမ်းတဲ့ သင်ခန်းစာတွေ ပေးလာလိမ့်မယ် ။
အခုကြုံနေရတဲ့ အခက်အခဲတွေကိုတောင် ခေါင်းရှောင်နေမယ် ဆိုရင် နောက်လာမယ့် လှိုင်းကြီးတွေကို သင် ဘယ်လို ရင်ဆိုင်မလဲ ။
သင့်ကို လာကယ်မယ့်သူ ဆိုတာ တကယ်တော့ မရှိပါဘူး ။
သင့်ဘဝကို သင်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်တယ် ။
ဒါကြောင့် အခု ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အပြစ်မတင်ပါနဲ့ ။
ရှောင်ပြေးဖို့လည်း မကြိုးစားပါနဲ့ ။
ဒီအခက်အခဲတွေက သင့်ကို ပိုသန်မာလာအောင် လေ့ကျင့်ပေးနေတဲ့ အရာတွေလို့ မှတ်ယူလိုက်ပါ ။
လက်တွေ့မှာ လုပ်စရာရှိတာကို မညည်းညူဘဲ အခုချက်ချင်း ထလုပ်လိုက်ပါ ။
အနာဂတ်မှာ ပိုဆိုးတဲ့ ငရဲကို မရောက်ချင်ရင် အခုလက်ရှိ အခက်အခဲတွေကို ရင်ကော့ပြီး ကျော်ဖြတ်လိုက်ပါ ။
02/06/2026
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ပြုလုပ်ခဲ့တဲ့ Free Meet-Up လေးမှာ အချိန်ပေးပြီး လာရောက်ဆုံတွေ့ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။
အစကတည်းက ရည်ရွယ်ထားတဲ့အတိုင်းပဲ ဘာဖိအားမှမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဂိမ်းတွေဆော့ရင်း၊ ရယ်ရယ်မောမော စကားတွေဖလှယ်ရင်းနဲ့ တကယ်ကို နွေးထွေးတဲ့ အမှတ်တရအချိန်လေးတွေကို အတူတူ ဖန်တီးနိုင်ခဲ့ပါတယ်။
အခုလိုမျိုး စိတ်တူကိုယ်တူ သူငယ်ချင်းအသစ်တွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဖွဲ့ခွင့်ရခဲ့တဲ့အတွက်လည်း အရမ်းကို ဝမ်းသာမိသလို၊ ပွဲလာသူတွေအတွက် 15% Discount လေးနဲ့ အဆင်ပြေအောင် စီစဉ်ပေးခဲ့တာရော
ဆိုင်ပါ ပိတ်ပြီး ညနက်အထိ ဖွင့်ပေးခဲ့တဲ့ Cove C ဆိုင်ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
အဲ့ဒီနေ့က အမှတ်တရ ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေကိုလည်း လာရောက်ခဲ့ကြသူတွေရော၊ မလာဖြစ်ခဲ့တဲ့ သူတွေပါ အတူတူ ကြည့်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ။
ဒီတစ်ခေါက် မမှီလိုက်တဲ့ သူတွေအတွက်လည်း နောက်ထပ် ဒီလိုမျိုး ပေါ့ပေါ့ပါးပါး တွေ့ဆုံကြမယ့် Meet-Up လေးတွေ ထပ်လုပ်ဖို့ရှိလာရင် အားလုံးနဲ့ ပြန်ဆုံကြမယ်လို့ မျှော်လင့်ပါတယ်ဗျ။
စကားပြောတဲ့အခါ ကိုယ်ပြောလိုက်တဲ့စကားက ထိရောက်မှုရှိပါ့မလားဆိုပြီး သင် တွေးပူနေတတ်လား ။
စကားတွေ အရမ်းဖောင်းပွသွားမလား ။
အရမ်းကြီး တိုက်ရိုက်ဆန်သွားပြီး တစ်ဖက်လူ ထိခိုက်သွားမလား ။
ဒီလိုတွေးပြီး ဘာပြောရမလဲ စဉ်းစားရင်းနဲ့ပဲ ပါးစပ်က စကားထွက်မလာတော့တဲ့ အခြေအနေမျိုး သင် ခဏခဏ ကြုံဖူးမှာပါ ။
အထူးသဖြင့် လူစိမ်းတွေနဲ့ စကားပြောရတဲ့အခါမျိုး ၊ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေနဲ့ စကားပြောရတဲ့အခါမျိုးမှာ ပိုဆိုးတတ်ပါတယ် ။
ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူတို့က ကိုယ့်ကို အထင်သေးသွားမလားဆိုတဲ့ ကြောက်စိတ်က သင့်ကို နှုတ်ဆိတ်သွားစေတယ် ။
တကယ်တော့ သင် အဲ့လောက်ကြီး တွေးပူနေစရာ မလိုပါဘူး ။
ကျနော် ပြောပြမယ် ။
ဘာလို့လဲဆိုတော့ တကယ့်လက်တွေ့မှာ ဘယ်သူမှ သင်ပြောတာကို အဲ့လောက်ကြီး အလေးအနက်ထားပြီး ခေါင်းထဲထည့်မနေကြလို့ပါပဲ ။
Nobody cares ဆိုတာကို သင် သေချာနားလည်ထားဖို့ လိုတယ် ။
လူတိုင်းမှာ သူတို့ ဖြေရှင်းရမယ့် ကိုယ်ပိုင် ပြဿနာတွေ ရှိတယ် ။
သူတို့ ပူပန်နေရတဲ့ မိသားစုရေး ၊ ငွေရေးကြေးရေး ကိစ္စတွေ ရှိတယ် ။
သင်နဲ့ စကားပြောပြီး နောက်မိနစ် ၂၀ လောက်ကြာတာနဲ့ သူတို့ကိစ္စကိုပဲ သူတို့ ပြန်တွေးနေကြတော့မှာ ဖြစ်တယ် ။
သင် စကားပြောတာ ဖောင်းပွသွားလို့ ၊ ဒါမှမဟုတ် တိုက်ရိုက်ဆန်သွားလို့ ညအိပ်မပျော်တဲ့အထိ သူတို့ လိုက်တွေးနေမှာ မဟုတ်ပါဘူး ။
အမှားပါသွားရင်တောင် ခဏနေရင် သူတို့ မေ့သွားကြမှာပါ ။
စကားကို ထိထိရောက်ရောက် ပြောတတ်ချင်တယ်ဆိုရင် အရင်ဆုံး လုပ်ရမှာက ပါးစပ်ဟပြီး စပြောဖို့ပါပဲ ။
ပြောရင်း ပြောရင်းနဲ့မှ ဘယ်လိုစကားလုံးတွေက သင့်တော်လဲဆိုတာ သင် ကိုယ်တိုင် သိလာလိမ့်မယ် ။
ဘယ်နေရာမှာ အသံကို နှိမ့်ရမလဲ ၊ ဘယ်နေရာမှာ ဖိပြောရမလဲဆိုတာ လက်တွေ့လုပ်ကြည့်မှ နားလည်လာမှာ ဖြစ်တယ် ။
ကျနော်တို့အားလုံးက အတွေ့အကြုံကနေပဲ သင်ယူရတာပါ ။
စိတ်ကူးထဲမှာ ဇာတ်တိုက်နေရုံနဲ့တော့ လက်တွေ့မှာ စကားပြောကောင်းလာမှာ မဟုတ်ဘူး ။
အကြိမ်ကြိမ် မှားကြည့်မှ ဘယ်လိုပြောရင် လူတွေက ပိုနားထောင်လဲဆိုတဲ့ အတွေ့အကြုံကို သင် ရလာမှာပါ ။
ဒီစကား ပြောလိုက်ရင် မှားသွားမလားဆိုပြီး အရမ်းတွေးပူနေရင် သင် ဘယ်တော့မှ စကားစပြောဖြစ်မှာ မဟုတ်ဘူး ။
မပြောဘဲ ငြိမ်နေရင်တော့ သင့်ရဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့ စွမ်းရည်က ဘာမှ တိုးတက်လာမှာ မဟုတ်ပါဘူး ။
စကားပြောမှားသွားမှာကို ကြောက်တဲ့စိတ်က သင့်ကို နေရာဟောင်းမှာပဲ ဆက်နေစေပါလိမ့်မယ် ။
ဒါကြောင့် အခုကစပြီး စကားပြောတဲ့အခါ အရမ်းကြီး တွေးမနေပါနဲ့ ။
ပြောစရာရှိတာကို တိုက်ရိုက်ပဲဖြစ်ဖြစ် ဖောင်းပွသွားတာပဲဖြစ်ဖြစ် ရဲရဲဝံ့ဝံ့သာ ပြောချလိုက်ပါ ။
အဲ့ဒီကနေ ရလာတဲ့ သင်ခန်းစာတွေက သင့်ကို နောက်တစ်ကြိမ်မှာ ပိုကောင်းတဲ့ စကားပြောဆိုသူ တစ်ယောက် ဖြစ်လာစေမှာပါ ။
ဒီနေ့ meet-up event က ပုံလေးတွေ တင်ရင် ဒီပေ့ချ် ကို tag ပေးအုန်းနော်
ကျနော်လည်း ဆေ့ ချင်လို့ပါ ❤️
ที่ตั้ง
ติดต่อ โรงเรียนนี้
เว็บไซต์
ที่อยู่
Bangkok
10110