𝗥𝗔𝗜𝗡𝗕𝗢𝗪 Special Education & Learning Centre

𝗥𝗔𝗜𝗡𝗕𝗢𝗪  Special Education & Learning Centre

Share

🌈​"𝑬𝒎𝒑𝒐𝒘𝒆𝒓𝒊𝒏𝒈 𝒆𝒗𝒆𝒓𝒚 𝒄𝒉𝒊𝒍𝒅 𝒕𝒐 𝒔𝒉𝒊𝒏𝒆 𝒃𝒓𝒊𝒈𝒉𝒕 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒐𝒘𝒏 𝒖𝒏𝒊𝒒𝒖𝒆 𝒄𝒐𝒍𝒐𝒓."

11/06/2026

ကလေးတွေရဲ့ စိတ်ခံစားချက် (Emotion)ကို ဖော်ပြတတ်အောင် မိဘတွေ ဘယ်လိုကူညီပေးနိုင်မလဲ........

ဖွံ့ဖြိုးမှုဆိုင်ရာ လိုအပ်ချက်ရှိတဲ့ကလေးငယ်တွေဟာ
သူတို့ရဲ့ စိတ်ခံစားချက်(ဥပမာ- ဝမ်းနည်းတာ၊ဒေါသထွက်တာ၊ကြောက်တာ)ကိုစကားလုံးတွေအနေနဲ့ ထုတ်ဖော်မပြောပြတတ်တဲ့အခါ အော်ဟစ်သောင်းကျန်းတာ၊ငိုတာ၊ပစ္စည်းတွေပစ်ပေါက်တာစတဲ့ အပြုအမူတွေနဲ့ ဖော်ပြတတ်ကြပါတယ်။

ကလေးကအဲ့ဒီလိုပြုမူပြတဲ့အချိန်မှာ မိဘတွေအနေနဲ့
"မငိုနဲ့၊မလုပ်ရဘူး" လို့ ပိတ်ပင်မယ့်အစားသူတို့ရဲ့ စိတ်ခံစားချက်ကို မှန်ကန်စွာ ဖော်ပြတတ်အောင် အခုလို
နည်းလမ်း(၃)ခုနဲ့ ကူညီပေးလို့ရပါတယ်။

⏭️၁။Emoti Cards -ရုပ်ပုံကတ်ပြားများအသုံးပြုပါ။
စကားလုံးနဲ့ပြောပြ၊ရှင်းပြနေတာထက် ရုပ်ပုံကတ်‌ေတွ အသုံးပြုတာကကျွန်မတို့ကလေးတွေအတွက်ပိုပြီး နားလည်ရလွယ်ကူပါတယ်။

✅ဝမ်းနည်းနေတဲ့ပုံ၊ပျော်နေတဲ့ပုံ၊ဒေါသထွက်နေတဲ့ပုံ စတဲ့ Feeling Flash Cardလေးတွေကို အိမ်မှာဆောင်ထားပါ ။(ဘယ်မှာဝယ်ရမလဲမသိရင် chat box မှာလာမေးလို့ရပါတယ်)။

✅ကလေးဂျီကျနေတဲ့အခါ ရုပ်ပုံကတ်ကလေးပြပြီး သူရဲ့စိတ်ခံစားချက်က ဘယ်ပုံလေးနဲ့တူလဲဆိုပြီး ကလေးကို ရွေးချယ်ခိုင်းပါ။
ဒါဟာ သူတို့ရဲ့ ရင်ထဲက ခံစားချက်ကို ဖော်ထုတ်ပြသတတ်ဖို့ သင်ပေးနိုင်တဲ့ ပထမဆုံးနည်းလမ်းဖြစ်ပါတယ်။

⏭️၂။ကလေးရဲ့ စိတ်ခံစားချက်ကို နာမည်တပ်ပေးပါ။

ကလေးက စိတ်ဆိုးဒေါသထွက်ပြီးပစ္စည်းတွေကိုပစ်ပေါက်နေတဲ့အချိန်မှာ
"ပစ္စည်းတွေကို လျှောက်မပစ်ရဘူး" လို့ ပြောနေမယ့်အစား "သား/သမီးက စိတ်ဆိုးလို့ ပစ္စည်းတွေကို ပစ်ပေါက်တာလား၊ဖေဖေ/မေမေက စိတ်ဆိုးနေတာ သိပြီနော်" လို့ဆိုပြီး သူ့ရဲ့စိတ်ခံစားချက်ကို နာမည်တပ်ပေးပါ။

ဝမ်းနည်းနေတဲ့အခါ ဝမ်းနည်းနေတာပဲ၊ပျော်နေတဲ့အခါ ပျော်နေတယ် နော်လို့ အဲ့ဒီလိုသူတို့ဖြစ်နေတဲ့ စိတ်ခံစားချက်ကို ပြောပြပေးထားတဲ့အခါ သူတို့ရဲ့ခံစားချက်ကို နားလည်လာပြီး ‌ဖေဖေ/မေမေ တို့ကလည်း လက်ခံပေးတဲ့အခါ စိတ်လုံခြုံမှုကိုခံစားရတဲ့အတွက် စိတ်ပြန်တည်ငြိမ်ဖို့ လွယ်ကူလာပါလိမ့်မယ်။

⏭️၃။ဒေါသထွက်တဲ့အခါ ဖြေလျှော့ရမယ့်နည်းလမ်းလေးတွေကိုပါ သင်ပြထားပေးပါ။

ကလေးစိတ်ဆိုးဒေါသထွက်တဲ့အခါ ပြန်လည်ဖြေလျှော့တတ်စေဖို့ Counting (ရေတွက်တာ)၊အသက်ရှူ/သွင်း ထုတ်တဲ့နည်းလမ်းလေးသုံးပေးတာ၊
ဒေါသထွက်တဲ့အချိန်မှာ သူနေဖို့ သီးသန့်နေရာလေးထားပြီး အဲ့ဒီနေရာမှာနေခိုင်းထားတာ၊ ဒေါသထွက်စေတဲ့ အကြောင်းအရာကနေပြီး တခြားအကြောင်းအရာတစ်ခုကို အာရုံပြောင်းပေးတာ စတဲ့နည်းလမ်းလေးတွေကိုသင်ထားပေးလို့ရပါတယ်။

❗မိဘတွေအနေနဲ့ သတိပြုရန်မှာ.....

🔶အထက်ပါနည်းလမ်း‌‌ေတွကို ကလေးဒေါသထွက်နေတဲ့အချိန်မဟုတ်လည်း လေ့ကျင့်သင်ကြားပေးထားပါ။

🔶ကလေးဒေါသထွက်/စိတ်ဆိုးတဲ့အချိန်မှာ လက်တွေ့အသုံးချပါ။

🔶တကြိမ်တည်းနဲ့ အဆင်မပြေခဲ့လို့ရှိရင်လည်း လက်မလျှော့လိုက်ပါနဲ့ ။ထပ်ခါထပ်ခါလေ့ကျင့်သင်ကြားပေးမယ်ဆိုရင် ကလေးက စိတ်ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲဆိုတာကို သိလာပြီး ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုပါ နားလည်လက်ခံနိုင်တဲ့ ကလေးတွေဖြစ်လာပါလိမ့်မယ်။

🌈ကလေးတွေ စိတ်ဆိုး ဒေါသထွက်နေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ ချစ်ခင်မှု၊ စိတ်ရှည်မှုနဲ့ နားလည်လက်ခံပေးမှုတွေကို ကလေးခံစားမိအောင် ပြသပေးနိုင်ဖို့ အလိုအပ်ဆုံးပါပဲ......။🌈

Tr YiMon
Rainbow Special Education & Learning Centre
Magway

#𝐌𝐚𝐠𝐰𝐚𝐲

30/05/2026

"ကလေးကို Special Needs School မှာထားရတာဟာ ရှက်စရာမဟုတ်ပါ"

ကျွန်မတို့ဖြတ်သန်းနေရတဲ့ ဒီနေ့ခေတ်လူ့ပတ်ဝန်းကျင်မှာအရင်ကထက်စာရင် ကလေးတွေရဲ့ဖွံ့ဖြိုးမှုဆိုင်ရာလိုအပ်ချက်တွေ(Special Needs)အကြောင်းကိုပိုပြီး သတိပြုမိလာကြတာဟာတကယ်ကိုဝမ်းသာစရာကောင်းတဲ့ အပြောင်းအလဲတစ်ခုပါ။ဒါပေမဲ့ တစ်ဖက်မှာလည်းရင်နာစရာကောင်းနေသေးတဲ့အမှန်တရားတစ်ခုရှိနေပါသေးတယ်။

အဲ့ဒါကတော့ ကိုယ့်ကလေးမှာ ထူးခြားတဲ့လိုအပ်ချက်လေးတွေရှိနေမှန်းသိလိုက်ရတဲ့အခါဒါမှမဟုတ် သာမ‌န်ကျောင်းတွေမှာလိုက်လျောညီထွေဖြစ်ဖို့ ရုန်းကန်နေရလို့Special Needs School (အထူးပညာရေးကျောင်း)တစ်ခုခုကိုပို့ဖို့စဉ်းစားရတဲ့အခါ မိဘတွေရဲ့ရင်ထဲမှာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု၊မျက်နှာငယ်မှုနဲ့ "အပြစ်ရှိတဲ့စိတ်" လိုခံစားချက်တွေ ခံစားရကြရတာ ဖြစ်ပါတယ်။

ဒီနေ့ ကျွန်မ ဒီစာကိုရေးရတဲ့ရည်ရွယ်ချက်က တကယ်လို့များ ဖေဖေမေမေတို့အနေနဲ့ကိုယ့်ရဲ့ကလေးကို SNလို့လက်ခံဖို့ခက်ခဲနေခဲ့ရင်၊SNကျောင်း ထားရမှာတွေဝေနေခဲ့ရင်ကလေးအတွက်အချိန်တွေ မနစ်နာရအောင် ရှေ့ဆက်ဖို့ ခွန်အားပေးချင်လို့ပဲဖြစ်ပါတယ်။

"ကလေးကို SN school မှာထားရတာဟာ ရှက်စရာလုံးဝ၊လုံးဝ မဟုတ်ပါဘူး။SN school ထားတယ်ဆိုတာ ကိုယ့်ကလေးရဲ့အနာဂတ်အတွက်အမှန်ကန်ဆုံးနဲ့ အလိုအပ်ဆုံးသော ဆုံးဖြတ်ချက်ကိုရဲရဲဝံ့ဝံ့ချနိုင်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကျွန်မတို့ ပထမဆုံးပြောင်းလဲရမယ့်အမြင်ကတော့ " Special Needs "ဆိုတဲ့စကားလုံးအပေါ်ထားတဲ့သဘောထားပါ။ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကလေးက စကားပြောနောက်ကျတာ၊ငြိမ်ငြိမ်မထိုင်နိုင်တာ၊စာဖတ်ဖို့ခက်ခဲတာ ဒါမှမဟုတ် အော်တစ်ဇင်(Autism),ADHD, Down Syndrome စတဲ့အခြအနေ တစ်ခုခုရှိနေပြီဆိုရင် " မပြည့်စုံဘူး၊ ချို့ယွင်းချက်ရှိတယ်လို့ လွယ်လွယ်လေး သတ်မှတ်ပစ်လိုက်ကြပါတယ်။

တကယ်တော့ Special Needs ဆိုတာချို့ယွင်းချက်
မဟုတ်ပါဘူး။ကွဲပြားခြားနားတဲ့ပုံစံနဲ့လေ့လာသင်ယူတတ်ခြင်းသာဖြစ်ပါတယ်။

❗ကိုယ့်ကလေးကသာမန်ကလေးတွေသွားတဲ့လမ်းကြောင်းအတိုင်းချက်ချင်းလိုက်မလုပ်နိုင်တာဟာကလေးကညံ့နေလို့မဟုတ်ပါဘူး။သူ့ရဲ့သင်ယူနိုင်တဲ့ပုံစံက မတူညီတာကြောင့် ကလေးသင်ယူနိုင်တဲ့ပုံစံနဲ့ သင်ပေးဖို့ပဲလိုအပ်နေတာဖြစ်ပါတယ်။❗

ဒါကို တခြားကလေးတွေလိုမျိုးတန်းတူမသင်ယူနိုင်တာလို့ထင်ပြီးရှက်စရာလို့တွေးနေမယ်ဆိုရင် ကျွန်မတို့ကလေးတွေအတွက်ဆုံးရှုံးမှုတွေပဲဖြစ်နေရပါလိမ့်မယ်။

မိဘအများစုက မိမိကလေးကို SN school ပို့ဖို့ ဝန်လေးနေရတဲ့အကြီးဆုံးအတားအဆီးက စ, သိရချင်းမှာမိမိကိုယ်တိုင်လက်မခံနိုင်တာနဲ့ ပတ်ဝန်းကျင်ရဲ့အမြင်ပါ။ဒါပေမဲ့ ဖေဖေတို့မေမေတို့ ခဏလောက်စဉ်းစားကြည့်ပေးပါ။ကိုယ့်ရဲ့လက်မခံနိုင်တဲ့အတွေး၊ပတ်ဝန်းကျင်ရဲ့ပြောဆိုမှုတွေကိုကြည့်ပြီး ကလေးနဲ့ မကိုက်ညီတဲ့ Regular School ထဲမှာပဲ ဇွတ်အတင်းထားနေမယ်ဆိုရင်

🔶ကလေးကနေ့တိုင်းစိတ်ဒဏ်ရာရနေပါလိမ့်မယ်။သူများတွေလုပ်နိုင်တာကိုမလုပ်နိုင်တဲ့အခါ ကလေးကမိမိကိုယ်ကို ယုံကြည်မှု(self-esteem)ပျောက်ဆုံးသွားပါလိမ့်မယ်။

🔶ကျောင်းသားဦးရေ၂၀/၃၀ရှိတဲ့အတန်းထဲမှာ ဆရာမက တစ်ယောက်ချင်းစီကို ဂရုမစိုက်နိုင်တဲ့အခါ ကိုယ့်ကလေးရဲ့တိုးတက်မှုက နောက်ဆုံးမှာကျန်ခဲ့ပါလိမ့်မယ်။

🔶ကလေးရဲ့အခြေအ‌ေနကို နားမလည်တဲ့အခါ"စာမလုပ်တဲ့ကလေး၊အာရုံမစိုက်တဲ့ကလေးဆိုပြီး " သတ်မှတ်ခံရတတ်ပါတယ်။

SN School တွေမှာတော့ကိုယ့်ကလေးရဲ့လက်ရှိစွမ်းဆောင်ရည်၊အားနည်းချက် ၊အားသာချက်တွေကိုဆရာ/ဆရာမတွေကသေချာဆန်းစစ်ပြီးသူ့တစ်‌ေယာက်တည်းအတွက်ပဲသီးသန့်ဖြစ်မယ့်သင်ရိုးညွှန်းတမ်း(IEP)ကိုရေးဆွဲပြီးသင်ကြားပေးပါတယ်။

ကလေးကစကားမပြောနိုင်သေးရင်စကားပြောနိုင်မဲ့နည်းလမ်းကိုအရင်သင်တယ်၊ကလေးကခဲတံမကိုင်နိုင်သေးရင်ကြွက်သားသန်မာအောင်အရင်လေ့ကျင့်ပေးပါတယ်။ကလေးရဲ့သင်ယူနိုင်တဲ့နည်းလမ်း၊သင်ယူနိုင်တဲ့အရှိန်အတိုင်းသွားတာကြောင့် ကလေးမှာသင်ကြားရတာ စိတ်ဖိစီးမှုမရှိပါဘူး။

မိဘတချို့က" ငါ့ကလေးကို သာမန်ကျောင်းမှာထားမှ သာမန်ကလေးတွေအတိုင်းအတုမြင်အတတ်သင်ပြီးလိုက်လုပ်လာမှာပါလို့ထင်ကြပါတယ်။ဒါဟာလည်း တဝက်ပဲမှန်ပါတယ်။
ကလေးရဲ့အခြေအနေက mild (အနည်းငယ်ပဲလိုအပ်ချက်ရှိတာ)ဆိုရင်တော့ သာမန်ကျောင်းမှာ Inclusion စနစ်နဲ့ထားလို့ရနိုင်ပါတယ်။ဒါပေမယ့် ကလေးရဲ့အခြေအနေက moderate ကနေ severe ဖြစ်နေမယ်ဆို သာမန်ကျောင်းစနစ်က ကလေးကို ကူညီရာမရောက်နိုင်ပါဘူး။

ကလေးတစ်ယောက်ရဲ့ဦးနှောက်ဟာ အသက်၆နှစ်အောက်မှာအလျင်မြန်ဆုံးဖွံ့ဖြိုးတာဖြစ်လို့ ဒီအရွယ်မှာလိုအပ်တဲ့ Intervention တွေကို SN school, SN center တွေမှာစနစ်တကျပေးနိုင်ခဲ့မယ်ဆိုရင် ကလေးရဲ့အခြေအနေက အများကြီးတိုးတက်လာပြီးကလေးက လူ့အဖွဲ့အစည်းထဲမှာ တစ်ကိုယ်ရည်ရပ်တည်နိုင်တဲ့အထိပြောင်းလဲသွားနိုင်ပါတယ်။

SN school ဆိုတာကလေးရဲ့စစ်မှန်တဲ့ စွမ်းရည်တွေကိုဖော်ထုတ်ပေးမယ့် စတင်ရာနေရာလေးဖြစ်ပါတယ်။
ပတ်ဝန်းကျင်လူတွေ ဘာာပြောပြောမမှုပါနဲ့။သူတို့က ခဏပဲပြောပြီးမေ့သွားကြမယ့်သူတွေပါ။ကလေးရဲ့ဘဝတစ်ခုလုံးကိုတာဝန်ယူပေးမှာကလည်း သူတို့မဟုတ်ပါဘူး။ကိုယ့်ကလေးရဲ့ဘဝကို တကယ်ကာကွယ်စောင့်ရှောက်ပေးနိုင်တာက ဖေဖေနဲ့မေမေတို့ နှစ်ယောက်ပါပဲ။

ကိုယ့်ကလေးရဲ့မျက်နှာလေးကိုပဲကြည့်ပါ။ကိုယ့်ကလေးရဲ့ ‌ပျော်ရွှင်တဲ့အပြုံးလေး၊တ‌စ်နေ့တခြားတိုးတက်လာမယ့်ခြေလှမ်းလေးတွေကပဲ ဖေဖေမေမေတို့ရဲ့ဆုံးဖြတ်ချက် မှန်ကန်ကြောင်းသက်သေပြပါလိမ့်မယ်။

အရှေ့က ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့
စီနီယာ ဖေဖေ‌ေမမေတို့ရှိရင်လည်း commentမှာ အားပေးစကားလေးတွေပြောပေးခဲ့လို့ရပါတယ်။

မိဘများအားလုံးသောကတွေကင်းဝေပြီးခွန်အားအပြည့်နဲ့ ကလေးတို့လက်ကိုတွဲနိုင်ကြပါစေရှင်.....။

Tr.YiMon


26/05/2026

မင်္ဂလာပါရှင်.......
ကျွန်မတို့ရဲ့ Rainbow Special Education & Learning Centre မှာ လာရောက်သင်ကြားဖို့ရန်အတွက်
လူကိုယ်တိုင်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ လာရောက်ဆွေးနွေးကြတဲ့ မိဘများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ယခုလက်ရှိ ကျွန်မတို့ Rainbow Centreမှာ သင်ကြားလို့ရနိုင်တဲ့ သင်ကြားရေးအချိန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

⏭️ 1 hour session (3 days In 1 Week )

တနေ့လျှင်သင်ကြားချိန် (၁)နာရီ တစ်ပတ်လျှင် (၃)ရက်
တလလျှင် စုစုပေါင်းသင်ကြားချိန် (၁၂)ချိန်

⏭️1:30 hour session (3 days In 1 Week)

တနေ့လျှင်သင်ကြားချိန် (၁)နာရီခွဲ တစ်ပတ်လျှင် (၃)ရက် တလလျှင် စုစုပေါင်းသင်ကြားချိန် (၁၂)ချိန်

⏭️1 hour session (5 days In 1 Week)

တနေ့လျှင်သင်ကြားချိန် (၁)နာရီ တစ်ပတ်လျှင် (၅)ရက် တလလျှင် စုစုပေါင်းသင်ကြားချိန် (၂၀)ချိန်

⏭️1:30 hour session (5 days In 1 Week)

တနေ့လျှင်သင်ကြားချိန် (၁)နာရီခွဲ တစ်ပတ်လျှင် (၅)ရက် တလလျှင် စုစုပေါင်းသင်ကြားချိန် (၂၀)ချိန်

🔶သင်ကြားချိန်များသည် ကလေးတစ်ဦးနှင့် ဆရာမ တစ်ဦး (one -on -one) Training ချိန်များသာဖြစ်ပါသည်။

အချိန်ပိုင်းမဟုတ်ဘဲတစ်နေ့တာလုံး Rainbow Centre မှာ အပ်နှံချင်တဲ့မိဘများအတွက် Special Needs Teacher အဆင်သင့်ခေါ်ဆိုလို့ မရသေးတဲ့အခက်အခဲလေးကြောင့် လတ်တလော Day careအနေနဲ့ လက်ခံလို့မရသေးတာအတွက်လည်း နားလည်ပေးစေလိုပါကြောင်း အသိပေးအပ်ပါတယ်ရှင်။

Day care အတွက်အဆင်ပြေစေရန်လည်း အမြန်ဆုံးကြိုးစားပေးသွားမှာဖြစ်လို့ကြိုတင်ဆွေးနွေးပြီး Waiting Listအနေနဲ့ စာရင်းပေးသွင်းလို့ရပါတယ်။

❗(Waiting List အတွက်ကျောင်းလခ ကြိုတင်သွင်းထားရန်မလိုပါ)။❗

25.5.2026- 31.5.2026အထိ
Free Consultation Day(အခမဲ့တိုင်ပင်ဆွေးနွေးခွင့်)
ဖြစ်တာကြောင့် လာရောက်ဆွေးနွေးလို့ရပါတယ်။

🌈"ချစ်ခင်နားလည်မှုအပြည့်နဲ့ ဖွံ့ဖြိုးတိုးတက်စေမဲ့ ကလေးတို့ရဲ့Rainbow Centre" 🌈

📞09787409583

လိပ်စာ- ရွာသစ်(၁၇)လမ်း၊ပွဲကြိုရပ်(နတ်မောက်လမ်းအနီး)၊မကွေးမြို့။



#𝐌𝐚𝐠𝐰𝐚𝐲

25/05/2026

"သင့်ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် စိုးရိမ်ပူပန်မှုများရှိနေပါသလား"❓(အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါပြီ)

"ဘာတွေအတွက်ဆွေးနွေးနိုင်လဲ" ?

🔺ကလေးရဲ့စကားပြော၊အာရုံစူးစိုက်မှု၊သင်ယူမှုဆိုင်ရာစိုးရိမ်ချက်များ။

🔺 အပြုအမူ(Behavior)ပိုင်းဆိုင်ရာ နားမလည်နိုင်တဲ့အခက်အခဲများ။

🔺 ကလေးတစ်ယောက်ချင်းစီအတွက်ဘယ်လိုမျိုး နားလည်ကူညီပေးနိုင်မလဲဆိုတဲ့ အကြံဉာဏ်များ။

⚠️"ကြီးလာရင် ကောင်းသွားမှာပါ" ဆိုတဲ့စကားတစ်ခွန်းက ,ကလေးရဲ့အကောင်းဆုံးဖွံ့ဖြိုးနိုင်မည့်အခွင့်အရေးတွေကို လုယူသွားတတ်ပါတယ်။ကလေးတစ်ယောက်ရဲ့လိုအပ်ချက်ကိုစောစောစီးစီးဖြည့်ဆည်းပေးနိုင်လေ
သူတို့ရဲ့တိုးတက်မှုနှုန်းက မိဘတွေထင်ထားတာထက်ပိုမိုမြန်ဆန်လေဖြစ်ပါတယ်။အချိန်ဆိုတာကလေးတွေရဲ့အနာဂတ်အတွက်အဖိုးအတန်ဆုံးအရာဖြစ်လို့ မိမိရဲ့ကလေးမှာ ထူးခြားတဲ့ လက္ခဏာလေးတွေသတိထားမိတာနဲ့အချိန်မဆွဲဘဲ တိုင်ပင်ဆွေးနွေးပေးပါ"။

🌈"Rainbow" Special Education & Learning Centreမှာ ကလေးတစ်ဦးချင်းစီရဲ့ ထူးခြားအားသာချက်တွေနဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး နားလည်ပေးနိုင်ဖို့ အဆင်သင့်ရှိနေပါတယ်။

✨ ကလေးကို ကျောင်းအပ်ဖို့ပဲဖြစ်ဖြစ်၊ဒါမှမဟုတ် မိဘတွေအနေနဲ့ စိတ်ပူနေတဲ့အရာတွေကို ရင်ဖွင့်ပြီးအကြံဉာဏ်ရယူချင်တာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ Rainbow Centre ဆီကိုအချိန်ယူပြီး လာရောက်ဆွေးနွေးလို့ရပါတယ်ရှင်။

🤝 မိဘများနှင့် ဆွေးနွေးသမျှကလေး၏ အချက်အလက်များအားလုံးကို လျှို့ဝှက်ချက်အဖြစ် ရာနှုန်းပြည့် စနစ်တကျထိန်းသိမ်းပေးထားမှာဖြစ်ပါတယ်။

🗓️ Free Consultation Day- (25.5.2026 - 31.5.2026)

ဆွေးနွေးလိုပါက -

📞09787409583
📩 Page Messenger တို့ကနေ တစ်ဆင့် မိမိတို့ လာရောက်ဆွေးနွေးလို့ အဆင်ပြေမယ့်အချိန်ကို ကြိုတင်စာရင်းသွင်းပြီးလာရောက်လို့ရပါတယ်။

လိပ်စာ-
ရွာသစ် (၁၇)လမ်း၊ပွဲကြိုရပ်(နတ်မောက်လမ်းအနီး)၊
မကွေးမြို့။




#𝐌𝐚𝐠𝐰𝐚𝐲

23/05/2026

🌈အထူးလိုအပ်ချက်ရှိသော ကလေးများအတွက်
ကျွန်မတို့ရဲ့ "RAINBOW" Special Education & Learning Centre ကို မကွေးမြို့မှာ စတင်ဖွင့်လှစ်ပြီဖြစ်ပါတယ်။

"Rainbow" Centre မှာဆိုရင်ဖြင့် ကလေးတစ်ဦးချင်းစီရဲ့ လိုအပ်နေတဲ့ ဖွံ့ဖြိုးမှုနယ်ပယ်တွေကို ကလေးသင်ယူနိုင်တဲ့ ပုံစံအတိုင်း သင်ယူလို့ရတဲ့ နေရာလေးတစ်ခုအဖြစ် ဖန်တီးထားပါတယ်ရှင်။

✨ "Rainbow" Centre မှာ ဘယ်လိုကလေးငယ်တွေကို လက်ခံသင်ကြားပေးမှာလဲ?

အထူးလိုအပ်ချက်ရှိသော ကလေးများ
(Children with Special Needs) တွေဟာ တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်ချင်း မတူညီကြပါဘူး။ ကျွန်မတို့ဆီမှာတော့

🔹 စကားပြောနောက်ကျသောကလေးများ (Speech Delay)

🔹 ပုံမှန်ဖွံ့ဖြိုးမှုထက် နောက်ကျနေသောကလေးများ

🔹 Autism (အော်တစ်ဇင်) — အပြုအမူနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ လိုအပ်ချက်ရှိနေသော ကလေးများ

🔹 ADHD (Attention Deficit Hyperactivity Disorder) အာရုံစူးစိုက်မှုအားနည်းပြီး ငြိမ်ငြိမ်နေရန် ခက်ခဲသော ကလေးများ

🔹 သင်ယူမှုဆိုင်ရာမှာ အခက်အခဲရှိသော ကလေးများ (Learning Disabilities)

🔹 Down Syndrome (ဒေါင်းဆန်ဒရုန်း)

🔹 Cerebral Palsy (CP)

.. စတဲ့ အထူးလိုအပ်ချက်ရှိသော ကလေးငယ်များကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ စာနာနားလည်ပေးမှုကို အခြေခံကာ ကလေးတို့ရဲ့ လိုအပ်ချက်များကို ဖွံ့ဖြိုးတိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

✨ Rainbow မှာ ဘာတွေသင်ကြားပေးမှာလဲ?

⏭️ အာရုံခံစားမှုဖွံ့ဖြိုးမှု (Sensory Integration)

အသံ၊ အလင်း၊ အနံ့နဲ့ အထိအတွေ့တွေအပေါ်မှာ အာရုံခံစားမှုလွန်ကဲခြင်း (သို့မဟုတ်) အားနည်းခြင်းရှိတဲ့ ကလေးငယ်တွေကို စိတ်တည်ငြိမ်စေပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အာရုံခံကစားနည်းမျိုးစုံနဲ့ လေ့ကျင့်ပေးခြင်း။

⏭️ ကြွက်သားကြီး/ငယ် ဖွံ့ဖြိုးမှု (Gross motor & Fine motor skills)

Activity of Daily Living skills (ADL) လို့ခေါ်တဲ့ လူတစ်ယောက်အတွက် အရေးကြီးတဲ့ နေ့စဉ်လုပ်ဆောင်ရမယ့် တစ်ကိုယ်ရည်ကိစ္စတွေကို ကိုယ်တိုင်လုပ်ဆောင်နိုင်စေဖို့ ကြွက်သားကြီး/ငယ် ဖွံ့ဖြိုးမှုဟာ အရေးပါဆုံးဖြစ်တာ
‌ေကြာင့်အဆိုပါ ကြွက်သားများ ဖွံ့ဖြိုးတိုးတက်စေတဲ့ လှုပ်ရှားမှုတွေနဲ့ သင်ကြားပေးခြင်း။

⏭️ ဘာသာစကားနဲ့ ပြောဆိုဆက်သွယ်မှု (Language & Communication)

စကားပြောနောက်ကျတဲ့ ကလေးငယ်တွေ၊ မိမိရဲ့ လိုအင်ဆန္ဒကို ထုတ်ဖော်မပြောတတ်တဲ့ ကလေးငယ်တွေအတွက် PECS (ရုပ်ပုံသုံး၍ ဆက်သွယ်ခြင်း) သို့မဟုတ် ကတ်ပြားများကိုသုံးပြီး တခြားသူနဲ့ ပြောဆိုဆက်သွယ်နိုင်အောင်ကနေတဆင့် စကားဖြင့် ပြောဆိုဆက်သွယ်တတ်ရန်ပါ တိုးတက်လာအောင် သင်ကြားပေးခြင်း။

⏭️ လူမှုဆက်ဆံရေးနဲ့ နေ့စဉ်လူမှုဘဝစွမ်းရည် (Social & Daily Living Skills)

အစားအစာကို ကိုယ်တိုင်စားခြင်း၊ အိမ်သာတက်ခြင်း၊ အဝတ်အစားလဲခြင်းစတဲ့ နေ့စဉ်တစ်ကိုယ်ရည် လုပ်ဆောင်စရာများကို ကိုယ်တိုင်လုပ်ဆောင်တတ်စေရန် (ADL Skill) တွေအပြင် တခြားသူနဲ့ အတူတူဆော့ကစားတတ်ခြင်း၊ တန်းစီစောင့်ဆိုင်းတတ်ခြင်းစတဲ့ အလေ့အကျင့်တွေကို သင်ကြားပေးခြင်း။

⏭️ သိမြင်နားလည်မှုနဲ့ အပြုအမူပိုင်းဆိုင်ရာ (Cognitive & Behavioral Support)

ကလေးရဲ့ အာရုံစူးစိုက်မှုကြာချိန် (Attention) ပိုကောင်းလာစေရန်နဲ့ ဒေါသထွက်ခြင်း၊ ဂျီကျခြင်းစတဲ့ အပြုအမူတွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းများ (Positive Behavioral Support) ဖြင့်ပြုပြင်ပြောင်းလဲပေးခြင်း။
စတဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ နယ်ပယ်တွေကို ကလေးတစ်ဦးချင်းရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး Individual Education Plan (IEP) ရေးဆွဲပြီး လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။

🤝 မိဘနှင့်ဆရာ အတူတူလက်တွဲဆောင်ရွက်ခြင်း

✅ကလေးရဲ့ သင်ယူမှုအခြေအနေ၊ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို မိဘတွေနဲ့ ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးပေးခြင်း။

✅ကျောင်းမှာလေ့ကျင့်ပေးသော နည်းလမ်းများကို မိဘတွေအနေနဲ့ အိမ်မှာလည်း အလွယ်တကူ လေ့ကျင့်ပေးနိုင်ဖို့အတွက် Home Program တွေကို သေချာဆွေးနွေးမျှဝေပေးပြီး ကလေးရဲ့ တိုးတက်မှုတစ်ခုချင်းစီအတွက် အတူတူလက်တွဲပြီး ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။

🗓️ ၂၄.၅.၂၀၂၆ မှစ၍ ကလေးဖွံ့ဖြိုးမှုစစ်ဆေးပေးခြင်းနှင့် ကျောင်းအပ်လက်ခံပြီဖြစ်ပါသည်။
(⚠️ လူဦးရေ အကန့်အသတ်ရှိပါသည်။)

📞 ဆက်သွယ်ရန်: 09-787409583

📍 လိပ်စာ: ရွာသစ် (၁၇) လမ်း၊ ပွဲကြိုရပ် (နတ်မောက်လမ်းအနီး)၊ မကွေးမြို့။



#အထူးပညာရေး

13/05/2026

Edit - ရပါပြီရှင့်
📣 Assistant Teacher အလိုရှိသည် 📣

မကွေးမြို့မှာ မကြာခင်ဖွင့်လှစ်‌ေတာ့မဲ့
🌈𝗥𝗔𝗜𝗡𝗕𝗢𝗪 Special Education & Learning Centre တွင် တာဝန်ထမ်းဆောင်ရန် Assistant Teacher (၁)ဦးအလိုရှိပါသည်။

အတွေ့အကြုံမရှိသောသူများလဲလျှောက်ထားနိုင်ပါသည်
အစအဆုံး အကုန်သင်ပေးမည်။

🔹 လိုအပ်သောအရည်အချင်းများ 🔹
• ပညာအရည်အချင်း — တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူ ၊ ဆယ်တန်းအောင်ပြီး ကျောင်းကိစ္စကင်းရှင်းသူ

Special Needs ကလေးများကို သင်ကြားရာမှာကူညီပေးရမှာဖြစ်လို့ စိတ်ရှည်တတ်သူ၊ကိုယ်ချင်းစာနာစိတ်ရှိသူဖြစ်ရပါမယ်။

• ကလေးများကို ချစ်ခင်စိတ်ရှည်စွာ ဆက်ဆံနိုင်သူ
• သန့်ရှင်းရေးနှင့် ဝေယာဝစ္စကိစ္စများ ကူညီဆောင်ရွက်နိုင်သူ
• တာဝန်ယူမှုရှိပြီး အချိန်မှန်သူ
• သင်ကြားရေးအတွက်လိုအပ်သော သင်တန်းများတက်ရောက်နိုင်သူ
• ကျန်းမာရေးကောင်းမွန်သူ
• သင်ယူလိုစိတ်ရှိပြီး အလုပ်အပေါ် စိတ်အားထက်သန်သူ
• ရေရှည်တာဝန်ထမ်းဆောင်နိုင်သူအနည်းဆုံး (၁)နှစ် ဖြစ်ရမည်။

🔹 တာဝန်များ 🔹

• သင်ကြားချိန်များတွင် ကူညီဆောင်ရွက်ခြင်း။
• ကလေးများ၏ လုံခြုံရေးနှင့် သန့်ရှင်းရေးကို ဂရုစိုက်ပေးခြင်း။

လစာ - ညှိနှိုင်း
(အရည်အချင်းကိုကြည့်၍ လစာတိုးပေးမည်၊ သင်ပေးမည်။)

နေစရာပေးမည်။

အလုပ်ချိန် - မနက် 8:30 မှ ညနေ 5:00
ပိတ်ရက် - အပတ်စဉ် စနေ ၊တနင်္ဂနွေနဲ့ အစိုးရပိတ်ရက်များ

👚 တစ်လပြည့်လျှင် Uniform ပေးမည်။

📍 တာဝန်ထမ်းဆောင်ရမည့်နေရာ — ရွာသစ် ၁၇လမ်း၊
ပွဲကြိုရပ်၊မကွေးမြို့။

📞09-787409583


စိတ်ဝင်စားသူများ CV Form နှင့်တကွ messenger chatboxမှာ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

11/05/2026

🌈အထူးပညာရေး(Special Education)ဆိုတာ ဘာလဲ?

အထူးပညာရေး (Special Education)ဆိုတာ
ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊သင်ယူမှု(သို့မဟုတ်)အပြုအမူပိုင်းဆိုင်ရာတွေမှာ ထူးခြားတဲ့လိုအပ်ချက်တွေ ရှိနေတဲ့ကလေးများအတွက်ရည်ရွယ်ပြီး သီးသန့်စီမံထားတဲ့သင်ကြားမှုပုံစံ၊ပံ့ပိုးမှုနဲ့ ဝန်ဆောင်မှုများပါဝင်တဲ့ သင်ကြားရေးပုံစံတစ်ခုပဲဖြစ်ပါတယ်။

🔶အထူးပညာရေးဟာ ကလေးတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ပြောင်းလဲနိုင်တဲ့ သင်ကြားမှုနည်းလမ်းများနဲ့ သင်ကြားပေးခြင်းပါ။

အထူးပညာရေး (Special Education)ရဲ့သင်ကြားမှုပုံစံမှာ-

🟧တစ်ဦးချင်းစီအတွက်သီးသန့်သင်ကြားပေးမှု (IEP)

ကလေးရဲ့လိုအပ်ချက်၊အားနည်းချက်(သို့မဟုတ်)
အားသာချက်များအပေါ်မူတည်ပြီး ကလေးတစ်ယောက်ချင်းစီအတွက် သီးခြားသင်ကြားရေးအစီအစဉ်များ ရေးဆွဲသင်ကြားခြင်း။

🟧အထောက်အကူပစ္စည်းများအသုံးပြုခြင်း

သင်ယူမှုကို အထောက်အကူပြုစေတဲ့ ရုပ်ပုံများ၊
နည်းပညာ ပစ္စည်းများနဲ့ လက်တွေ့လုပ်ဆောင်ပြသခြင်းများအသုံးပြုခြင်း။

🟧သင်ကြားရေးပတ်ဝန်းကျင်ဖန်တီးပေးခြင်း

ကလေးရဲ့အာရုံစူးစိုက်မှုကို မနှောက်ယှက်စေဘဲ စိတ်အေးချမ်းစွာ သင်ယူနိုင်မဲ့ ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခြင်း စတဲ့အချက်တွေပါဝင်ပါတယ်။

🌈ဘယ်လိုကလေးတွေအတွက် အထူးပညာရေး(Special Education)လိုအပ်ပါသလဲ?

အထူးပညာရေးဆိုတာ မသန်စွမ်းကလေးများအတွက်သာမဟုတ်ဘဲ သင်ယူမှုမှာ အတားအဆီးရှိနေတဲ့ မည်သည့်ကလေးမဆိုလိုအပ်ပါတယ်။

🔶ဖွံ့ဖြိုးမှုဆိုင်ရာ အခက်အခဲရှိသူများ

⏭️Autism(အော်တစ်ဇင်)

လူမှုဆက်ဆံရေးနဲ့ဆက်သွယ်ပြောဆိုရေးမှာအခက်အခဲရှိပြီး၊တခုခုကို ထပ်ခါတလဲလဲလုပ်ဆောင်တတ်သော
ကလေးများ။

⏭️Down Syndrome (ဒေါင်းန်ဆင်ဒရုန်း)

ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးသောကလေးများ(ပတ်ဝန်းကျင်မှာ ရုပ်တူလေးတွေလို့အပြောများ ၊အသိများတဲ့ကလေးတွေ)

🔶သင်ယူမှုဆိုင်ရာ အခက်အခဲရှိသူများ
(Learning Disabilities _LD)

⏭️Dyslexia _ စာဖတ်ရန်နှင့် စာလုံးပေါင်းရန်အလွန်ခက်ခဲခြင်း။

⏭️Dysgraphia _စာရေးရခက်ခဲခြင်း (သို့မဟုတ်)
စာကြောင်းများကို စနစ်တကျ မရေးနိုင်ခြင်း။

⏭️Dyscalculia_သင်္ချာနှင့် ဂဏန်းတွက်ချက်မှုဆိုင်ရာများကိုနားမလည်ခြင်း။

🔶အာရုံစူးစိုက်မှုနှင့် အပြုအမူဆိုင်ရာ အခက်အခဲရှိသူများ

⏭️ADHD_ အာရုံစူးစိုက်မှုအလွန်အားနည်းခြင်း၊အငြိမ်
မနေနိုင်ခြင်းနှင့် စိတ်လိုက်မာန်ပါလုပ်ဆောင်တတ်ခြင်း။

🔶အာရုံခံစားမှုဆိုင်ရာချို့ယွင်းချက်ရှိသူများ

⏭️အကြားအာရုံချို့ယွင်းခြင်း၊အမြင်အာရုံချို့ယွင်းခြင်း(သို့) စကားပြောရန်ခက်ခဲခြင်းရှိသော ကလေးများ

🔶ဉာဏ်ရည်ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိသူများ
(Intellectual Disability)

⏭️အသက်အရွယ်နဲ့အညီ သိရှိနားလည်ရမဲ့ အခြေခံဗဟုသုတနဲ့ နေ့စဉ်လူမှုဘဝကျွမ်းကျင်မှုများကို သင်ယူရန်နှေးကွေးသော ကလေးငယ်များ

အပေါ်မှာဖော်ပြခဲ့သလို အထူးပညာရေးလိုအပ်ချက်ရှိတဲ့ကလေးတွေဟာ "သင်ကြား၍မရနိုင်" သူများမဟုတ်ဘဲ"သင်ယူပုံချင်း မတူညီသူများ" သာဖြစ်ပါတယ်။ကလေးများရဲ့လိုအပ်ချက်ကို မှန်ကန်စွာသိရှိပြီး စနစ်တကျလေ့ကျင့်ပေးလိုက်မယ်ဆိုရင် သူတို့မှာရှိတဲ့ ထူးခြားတဲ့စွမ်းရည်များကိုပါ ဖော်ထုတ်ပေးနိုင်မှာဘဲဖြစ်ပါတယ်ရှင်။

Tr YiMon
Certified Special Needs Teacher
Diploma in Special Education
☎️_09787409583 ,Magway.


#အထူးပညာရေး

02/04/2026

World Autism Awareness Day
ဧပြီလ (၂)ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းလုံးရှိ အော်တစ်ဇင်(Autism)ဝေဒနာခံစားနေရသူများကို အသိအမှတ်ပြုသော၊သူတို့ရဲ့ဘဝအခွင့်အရေးများအတွက် အသိအမှတ်ပြုရန် အသိပညာပေးသော အထိန်းအမှတ်နေ့တစ်နေ့ဖြစ်ပါတယ်။

အော်တစ်ဇင်(Autism)သို့မဟုတ် Autism Spectrum Disorder (ASD)ဆိုတာဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ မတူညီမှု အခြေအနေတစ်ခုဖြစ်ပြီး "Spectrum" လို့ ခေါ်ခြင်းမှာ Autism ကလေးတွေဟာ တစ်ဦးနဲ့တစ်ဦးတွင်တွေ့ရှိရသည့် လက္ခဏာများ၊ထူးချွန်မှု အရည်အချင်းများနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေမှာ မတူညီဘဲကွဲပြားခြားနားနေလို့ဖြစ်ပါတယ်။

အော်တစ်ဇင်ကလေးတွေမှာ
⏭️အခြားသူများနဲ့စကားပြောဆိုခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေးမှာအခက်အခဲရှိခြင်း။

⏭️ထပ်တလဲလဲပြုလုပ်တတ်သော အပြုအမူများရှိခြင်းနှင့် တသမတ်‌တည်းဖြစ်တဲ့အလေ့အထများကိုနှစ်သက်ခြင်း။

⏭️အသံ၊အလင်း၊အထိအတွေ့နဲ့ အနံ့တွေကိုသာမန်ထက် ပို၍ or လျော့၍ ခံစားရခြင်း ကဲ့သို့သော အခြေခံကွဲပြားမှုများရှိနိုင်ပါတယ်။

ကလေးတစ်ဦးမှာ အော်တစ်ဇင် ရှိ၊မရှိကို အသက် ၁နှစ်ခွဲမှ ၃နှစ်အတွင်းသိသာစွာမြင်တွေ့နိုင်ပါတယ်။မိမိကလေးမှာ အော်တစ်ဇင်ရှိကြောင်း စောစီးစွာသိရှိနားလည်ခြင်းဟာ ကလေးရဲ့ရှေ့ဆက်ဖွံ့ဖြိုးမှုအတွက်အလွန်ပဲအရေးကြီးပါတယ်။

လူအများစုက အော်တစ်ဇင်ကို အားနည်းချက်တစ်ခုလို့လဲ ထင်မြင်တတ်ကြပါတယ်။ဒါပေမယ့် အော်တစ်ဇင်ကလေးတွေမှာထူးခြားတဲ့စွမ်းရည်တွေလည်းရှိနေနိုင်ပါတယ်။

ဥပမာအနေနဲ့-

⬛သာမန်လူတွေသတိမထားမိတဲ့ အရာများကို သေချာစွာမြင်နိုင်၊မှတ်မိနိုင်စွမ်းရှိခြင်း။

⬛ပုံများ၊မြေပုံများ သို့မဟုတ် ကိန်းဂဏန်းများကို မြင်ရုံနဲ့ကောင်းမွန်စွာမှတ်မိခြင်းး။

⬛လိမ်ညာပြောဆိုခြင်းမရှိပဲ သူတို့စိတ်ထဲကခံစားရသည့်အတိုင်း ရိုးသားစွာတုန့်ပြန်တတ်ခြင်း။

⬛သူတို့စိတ်ဝင်စားတဲ့ကိစ္စရပ်တစ်ခုနဲ့ပတ်သက်ရင် စူးစမ်းလေ့လာပြီး အချက်အလက်များကို အလွတ်ရနေခြင်းတို့ ဖြစ်ပါတယ်။

🛑အော်တစ်ဇင်ဟာ ကုသလို့ပျောက်ကင်းသွားတဲ့ရောဂါမဟုတ်ပေမယ့် သင့်တော်တဲ့ သင်ကြားမှုနဲ့ပံ့ပိုးမှုတွေပြုလုပ်ပေးခြင်းဖြင့် သူတို့ရဲ့ဘဝကို ကောင်းမွန်စွာရှင်သန်နိုင်အောင် ကူညီပေးနိုင်ပါတယ်။🛑

💗အော်တစ်ဇင်ရှိသူတွေရဲ့ အလိုအပ်ဆုံးအချက်မှာ "နားလည်လက်ခံပေးခြင်း" ပါ။💗

နားလည်မှုရှိသော ပတ်ဝန်းကျင်တစ်ခုဟာ "အော်တစ်ဇင်ကလေးငယ် တစ်ဦးအတွက်အကောင်းဆုံးကုထုံးဖြစ်ဝာာမလို့ " ကွဲပြားခြားနားမှုကိုအပြစ်မမြင်ဘဲ" " နားလည်ပေးခြင်း"ဖြင့် ကူညီပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း" World Autism Awareness Day"မှာ မျှဝေပေးလိုက်ပါတယ်ရှင်။

Tr YiMon
Special Needs Teacher



29/03/2026

Global Developmental Delay (GDD)

🛑"စကားပြောနောက်ကျတာ"
(ကလေးကအသက်(၂)နှစ်အထိစကားလုံးအနည်းငယ်တောင်မပြောနိုင်တာ)၊"အသက်(၆)လကျော်သည်အထိ ခေါင်းမခိုင်ဝာာ၊မမှောက်နိုင်တာ" ၊"အသက် (၁)နှစ်ကျော်သည်အထိ အကူအညီမပါဘဲ မထိုင်နိုင်တာ၊"(၁၈)လကျော်သည်အထိလမ်းမလျှောက်နိုင်တာ၊"ပတ်ဝန်းကျင်ကိုစိတ်မဝင်စားတာ၊မျက်လုံးချင်း
မဆုံတာ" (Eye Contact မရှိတာ)။🛑

❗အထက်မှာဖော်ပြခဲ့တဲ့အချက်တွေဟာ "ကလေး
တစ်ယောက်ရဲ့ဖွံ့ဖြိုးမှု နောက်ကျခြင်းရဲ့လက္ခဏာတွေဖြစ်ပါတယ်။❗
ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုနယ်ပယ်(၅)ခုထဲက အနည်းဆုံး ဖွံ့ဖြိုးမှုနယ်ပယ်(၂)ခုနောက်ကျနေခြင်း
ဒါမှမဟုတ် (၂)ခုထက်ပိုပြီးနောက်ကျနေတာကိုGlobal Developmental Delay(GDD)လို့ ခေါ်ပါတယ်။
အသက်(၅)နှစ်အောက်ရှိတဲ့ကလေးတွေမှာအဓိကသုံးနှုန်းလေ့ရှိတဲ့အမည်တစ်ခုလည်းဖြစ်ပါတယ်။

⬛Global Developmental Delay (GDD)မှာဆိုရင် ကလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက်ရှိရတဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်တွေ(Developmental Milestones)တွေအလိုက် ဖွံ့ဖြိုးမှုမရှိခြင်းက အဓိက လက္ခဏာလည်းဖြစ်ပါတယ်။

မိဘတွေအနေနဲ့GDDကို "စကားပြောနောက်ကျနေတာပဲ"(စကားပြောနောက်ကျတာ တစ်ခုတည်း)လို့ ထင်တတ်ပေမယ့်တကယ်တမ်းမှာတော့ ........

🛑နားလည်နိုင်စွမ်း(Understanding)နဲ့ လှုပ်ရှားမှုတွေ မှာပါကလေးက နောက်ကျနေတတ်ပါတယ်။🛑

⏭️နောက်တစ်ခုက GDDကို Autism (အော်တစ်ဇင်)နဲ့ ရောထွေးတတ်ကြခြင်းပါ။GDDရှိတဲ့ကလေးတိုင်းဟာ အော်တစ်ဇင် မဟုတ်ပါဘူး။Autismကလူမှုဆက်ဆံရေးနဲ့အပြုအမူပိုင်းဆိုင်ရာမှာ အားနည်းတတ်ပြီး GDDကတော့အဖက်ဖက်က ဖွံ့ဖြိုးမှုနှေးကွေးတာဖြစ်ပါတယ်။

GDDဖြစ်တဲ့အကြောင်းရင်းတွေမှာအဓိကအားဖြင့်

⏭️ မျိုးရိုးဗီဇပြဿနာ၊
⏭️ကိုယ်ဝန်ဆောင်နေစဉ်နဲ့ မီးဖွားစဉ်ပြဿနာတွေ၊⏭️ကျန်းမာရေးအခြေအနေကြောင့်(ဥပမာ -ဦးနှောက်အမြှေးရောင်တာ၊ပြင်းထန်တဲ့ အာဟာရချို့တဲ့မှု(or)ဦးနှောက်ထိခိုက်မှု)ဆိုပြီး အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။

⚠️GDDဆိုတာ ရောဂါနာမည်တစ်ခုမဟုတ်ဘဲ ကလေးရဲ့ဖွံ့ဖြိုးမှုနောက်ကျခြင်းကို ဖော်ပြတဲ့စကားလုံးဖြစ်ပါတယ်။⚠️

🛑GDD လို့သံသယရှိရင် Early Intervention (စောစီးစွာလေ့ကျင့်)ပျိုးထောင်ပေးခြင်းက အထိရောက်ဆုံးပါပဲ။ကလေးရဲ့ဦးနှောက်ဟာငယ်စဉ်မှာ ပြုပြင်ပြောင်းလဲရ လွယ်ကူတာဖြစ်လို့ လေ့ကျင့်ခန်းတွေ အမြန်ဆုံးလုပ်ပေးနိုင်မယ်ဆိုရင်ကလေးရဲ့လုပ်ဆောင်နိုင်စွမ်းကို အများကြီးတိုးတက်လာအောင်လုပ်ပေးနိုင်ပါတယ်။

⚠️မိမိကလေးရဲ့ Developmental Milestones တွေကိုစစ်ဆေးကြည့်လို့ ကလေးရဲ့ဖွံ့ဖြိုးမှုက (၃)လထက်နောက်ကျနေမယ်ဆိုရင် စောင့်ကြည့်မနေပါနဲ့။⚠️

🛑ကလေးအထူးကုဆရာဝန်နဲ့အမြန်ဆုံးပြသဆွေးနွေးပါ

🛑လိုအပ်တဲ့လေ့ကျင့်ခန်းများ(Occupational Therapy, Speech Therapy)တွေကို စနစ်တကျလုပ်ပေးပါ။

🛑အိမ်မှာ အချိန်ပေးပြီး ကလေးနဲ့ များများစကားပြောပေးပါ၊အတူတူကစားပေးပါ။

🛑အရေးကြီးဆုံးကတော့ "စောစောသိ‌ေစာ‌ေစာလေ့ကျင့်" ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။

Tr. YiMon

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Category

Website

Address


ရွာသစ်(၁၇)လမ်း ၊ပွဲကြိုရပ်။
Magway