Free Education Service

Free Education Service

Share

Education is free here

Photos from Free Education Service's post 16/06/2026

ဆရာဆရာမ များ အနေနဲ့ Youtube ကနေ ခေတ်မီတဲ့သင်ကြားရေး စနစ်တွေလေ့လာဖို့ channel လေးတွေ ရွေးပေးထားပါတယ်။ ဒါတွေ ကြည့်ရင်းနားထောင် ရင်း Englishလည်းတိုးတက်မယ်။ ပညာလည်းရပါမယ်။

စာသင်ခန်းထဲမှာ လက်တွေ့အသုံးချနိုင်မယ့် အကြံဉာဏ်ကောင်းတွေ၊ နည်းပညာတွေနဲ့ စိတ်ကူးသစ်တွေရနိုင်မယ့် အကောင်းဆုံး YouTube Channel လေးတွေပါ။

Classroom Strategy & Researchအတွက် Edutopia ကိုကြည့်ပါ။

Link https://youtu.be/x4cxumBxpxY?si=FH7NyIZYMP6eEDPm

ကမ္ဘာတစ်ဝန်းက စာသင်ခန်းတွေထဲမှာ လက်တွေ့အောင်မြင်နေတဲ့ စာသင်ခန်းစီမံခန့်ခွဲမှုစနစ်တွေ၊ Project-based learning တွေနဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပြုမယ့် သုတေသနအခြေပြု ဗီဒီယိုတိုလေးတွေကို ကြည့်လို့ရပါတယ်။

စာသင်ခန်းအတွင်း ကျောင်းသားတွေအချင်းချင်း ချစ်ခင်ရင်းနှီးပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးချင်သူတွေအတွက် Responsive Classroom ဆိုတဲ့ channel လေးကိုကြည့်ပါ။

Link. https://youtu.be/mhV6AcBxeBc?si=C9LM80LD9_-O3kVz

Teacher Creators and Productivity
အတွက်ကတော့ Pocketful of Primary (Michelle Ferre) ကိုသာသွား။

Link https://youtu.be/sYgKx1zOY3Q?si=sknP08akbixrxrOP

သူကိုယ်တိုင်က မူလတန်းပြ ဆရာမဟောင်းတစ်ဦးဖြစ်ပြီး သင်ခန်းစာတွေကို အချိန်တိုအတွင်း စနစ်တကျ ပြင်ဆင်နည်း၊ Digital Lesson Planning လုပ်နည်း၊ စာရွက်စာတမ်းတွေကို သေသပ်အောင် သိမ်းဆည်းနည်းတွေကို ဝေမျှပေးပါတယ်။ အလုပ်တွေပိပြီး မောပန်းနွမ်းနယ်တာ (Burnout) မဖြစ်အောင် အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ သင်ပေးပါတယ်။

အောင်မြင်ကြပါစေ။




03/06/2026

ပညာရွှေ အိုးလူမခိုး ဆိုတာမှန်ပါတယ်။
ရွှေအိုး နဲ့တူတဲ့ပညာပေါ့လေ။
သူများလည်းလာခိုးလို့မရဘူး။
ရွှေလိုလည်း အဖိုးတန်တယ်။
အလကားလည်းမရဘူး။
ငွေများများသုံးရတယ်။

တိုင်းပြည်ကိုဦးဆောင်ဖို့။ ခေါင်းဆောင်ပိုင်းမှာ အလုပ်လုပ်ဖို့ ကလူသိပ်မလိုဘူး။ Company တွေ မှာ CEO လို အဆင့် ကလည်း အများကြီးမရှိဘူး။ အလုပ်သမားတွေ။ နောက်လိုက်တွေ ဘဲ များများလိုတာ။

ဒါကြောင့် လူတိုင်းက ထိပ်ဆုံးပိုင်းမှာနေရာရ ဖို့ မွေးကတည်းက နေရာစယူကြတယ်။

ရင်းနှီးမြှုပ်နှံ ကြတယ်။ ငွေသုံးကြတယ်။ ကလေးတွေကိုကျောင်းကောင်းထားကြတယ်။
ကိုယ့်ကလေး အတွက် အသိုင်းအ၀ိုင်းတစ်ခု ရွေးလိုက်တယ် ဆိုပါတော့။ အဲတော့ ပညာရေးဟာ ထုတ်ကုန်ပစ္စည်းလိုမျိုး။

Lite version / Base model / Pro / Pro Max
အစရှိသဖြင့်ကွဲသွားတယ်။ မိမိတတ်နိုင်တဲ့စျေး နဲ့ ၀ယ်ကြဆိုတဲ့သဘောပေါ့လေ။ ဆရာတွေ၊ ကျောင်းတွေကလည်း Marketing အမျိုးမျိုးနဲ့ Trend တွေဖန်တီးပြီးငွေရှာကြတော့ ဆရာတွေကိုယ်တိုင် ငွေ နောက် ကိုလိုက်ရင်း ကျောင်းသားနဲ့ဝေးသွားတယ်။ ငွေနဲ့နီးလာတယ်။

ပညာရေးဟာလည်း သာမန် လူတန်းစားနဲ့ ဝေးသထက်ဝေး တော့တာပါပဲ။

အဲဒီတော့ သာမန်လူတန်းစားဘဝကန အထက်တက်ဖို့ တော်တော် မလွယ်‌ တော့တဲ့အခြေအနေ ရောက်သွားတယ်။

ကျောင်းကောင်းနေနိုင် ပြီး ငွေရှိအသိုင်းအဝိုင်းကကလေးတွေ အရွယ်ရောက်လို့ Company ပိုင်ရှင် လုပ်ငန်းရှင် influencer ဖြစ်လာရင် သာမန် လူတွေကနေ ကြီးပြင်းလာတဲ့သာမန်ကလေးတွေဟာ follower တွေဖြစ်လာကြ။ အစ်ကို အစ်မ တို့လိုချမ်းသာအောင်ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးခွန်းတွေမေးကြ ။ ဟိုက တော်ကီတွေလွှတ် ။ အဟုတ်မှတ်လိုက်လုပ်ကြ။ ဘာမှဆက်မဖြစ် နဲ့ ဒီလိုပဲ loser အဖြစ်နဲ့ ရှင်သန်သွားရဖို့ များပါတယ်။

စိတ်ကိုအမာဆုံးထားပြီး ခြေထောက်နှစ်ဖက်ပြတ်ခဲ့ရင်တောင်ပန်းတိုင် ကို ရောက်အောင် တရွတ်တိုက် သွားမယ် ဆိုတဲ့ လူမျိုးလောက်ပဲ အောင်မြင်နိုင်ပါလိမ့်မယ်။

ယနေ့လူမှုအဖွဲ့ အစည်း ကြီးရဲ့ဖြစ်ပျက်နေမှုကြီးပါပဲ။



31/05/2026

ယနေ့ပညာရေး နဲ့ Guilty Parent Syndrome ပေါ့လေ

ကျောင်းတွေဖွင့်ပြီးဆိုတော့
IS/PS/GS ကျောင်းပေါင်းစုံ ထားကြပြီပေါ့လေ။ မိဘဆိုတဲ့အမျိုးက လည်းကိုယ့်သားသမီးကိုအကောင်းဆုံးတွေချည်းပေးချင်တာဆိုတော့။ ကောင်းပေ့ညွန့်ပေ့ကျောင်း များကို အကုန်ခံထားကြတာပေါ့လေ။

ဒိတ်ဒိတ်ကျဲကျောင်း များ မထား နိုင်တဲ့ မိဘများကတော့ အလယ်အလတ်ကျောင်း
များပေါ့ ။ အချို့ကလည်း homeschooling ပေါ့။ အချို့ကျပြန်တော့လည်း မိမိအခြေအနေအရ ကျောင်းနေဖို့ အဆင်မပြေလို့ ကျောင်းမတက်နိုင်သူများပေါ့။ အချို့ကလည်း ဒီနှစ်နားအုံးမယ်၊ နောက်နှစ် မှတက်မယ်ပေါ့။

အခြေအနေ အရ အမျိုးမျိုးရှိကြတာပါပဲ။ ဒါလူ့ဘဝပဲ ။ ဘဝက မျိုးစုံနေမှာ တစ်ယောက်နဲ့ တစ်ယောက် တူမနေကြဘူး။ မိဘများ အနေနဲ့ ကိုယ်မချမ်းသာတဲ့အတွက်ငါ့ကလေးဟာ သူများလိုကျောင်းကောင်းကောင်းမတက်ရပါလားဆိုတဲ့ ဆိုက်ကိုတွေ၀င်ပြီး မိမိအပြစ်လို့ ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ Guilty Parent Syndrome ပေါ့လေ။ မိဘတစ်ယောက် အနေနဲ့ ငါ မလုပ်ပေးရ လေခြင်းဆိုတဲ့ စိတ်ခံစားမှုပေါ့။ တကယ်တော့ ခေတ်ကာလ အရ ကိုယ်မတတ်နိုင်လို့ မထားရ
ကိုယ့်အပြစ်မဟုတ်ပါ။

တကယ့် အပြင်က ဘ၀ ဟာ ဆိုရှယ်မီဒီယာက ဆယ်လီ တွေ ဘဝနဲ့ မတူပါဘူး။ လိုင်းပေါ်က စာအရှည်ကြီးတွေကတော့ ကလေးတစ်ယောက်ကို ဘယ်လို ​ေထာက်ပံ့ ၊ ဘယ်လိုလုပ်ပေးသင့်ဘာညာ လျှောက်ရေး နေမှာပါပဲ။ like တွေ comment တွေ Share တွေက ငွေရတာကိုး။
Cele များကလည်း ကျောင်းတွေကြေငြာနေမယ်။ ကောင်းတာမကောင်းတာနောက်မှ။ ဒါသူတို့အလုပ်လေ။ နောက်ပြီးစီးပွားရေး ဖြစ်လို့ ငွေသုံးနိုင်သူများကိုဘဲ ဦးတည် ကြေငြာတာပါပဲ။

ဒါတွေကြည့်ပြီး ကိုယ်က ကိုယ့်ကလေးတော့ နောက်ကျနေပါပြီ။ ငါ့ကလေးတော့သွားပါပြီ ဆိုပြီး မနိုင်တာတွေ လျှောက်လုပ်ရင် ကိုယ်ဒုက္ခများမယ်။

တစ်လ ဆယ်သိန်းတန်ကျောင်း တက်ဖို့ ကလေး အသုံးစရိတ်ကလည်း တစ်လ ဆယ်သိန်း လောက် တော့ရှိမှရမယ် ။ အပေါင်းအသင်းကြား မျက်နှာ မငယ်ဖို့ အ၀တ်အစား အဆောင်အယောင်။ ဟိုသွားဒီသွား ဘာညာ အသုံးစရိတ် ကအဲလောက်တော့ လျာထားမှရမယ်။ ဒါတောင်အနိမ့်ဆုံးပြောတာ။ တစ်လ သိန်း ၃၀ တန်ကျောင်း၊ သိန်း၅၀တန်၊ သိန်း၁၀၀ သူ့ဟာနဲ့သူစရိတ်ကရှိနေမှာ

လစဥ်၀ယ်ဖတ်ဖို့စာအုပ်ဖိုး ၊ အပတ်စဥ် activity လေးတွေ။ မကြာ မကြာမိသားစုလိုက် ခရီး တို ၊ရှည် ထွက် တာမျိုး။ ဒေသန္တရ ဗဟုသုတအတွက်။ အမျိုးမျိုးပေါ့လေ။

မိမိ၏ ကျောင်းသားဟောင်းတစ်ယောက်က သူ့ကလေးက ခုမှ KG ကို International School တစ်ခုမှာထားဖို့ ရည်ရွယ်ခဲ့ပါတယ်။ သို့သော် အခြေအနေ အကြောင်းကြောင်းကြောင့် ငွေက မနိုင်တော့ သူ့မှာ Private School တစ်ခုကို ပဲအပ်လိုက်ရပါတယ်။ ဒါကိုသူက ၀မ်းနည်း နေတယ်။ သူများကလေးတွေ လောက် သူ့ကလေး ကိုလုပ်မပေးနိုင်တော့ သူဖြစ်ချင်တာတွေ လာရင်ဖွင့်ပါတယ်။ သူ ဘယ်လိုလုပ်ရင်ဒီကလေးဟာ သူများနဲ့ရင်ဘောင်တန်းနိုင်မလဲပေါ့။ အပြင်သင်တန်းတွေ ကော ပို့မယ်ပေါ့လေ။ ယနေ့ မိဘများ ကြုံနေကျပြဿနာတစ်ရပ်ပါပဲ။

စာသင်တဲ့ဆရာတစ်ယောက်ဖြစ် လို့ ပညာရေး အရေးကြီးတာသိပါတယ်။ သို့သော်ရေရှည် မနိုင်ဘဲ မနိုင်၀န်စွတ်မထမ်းနဲ့။ ကလေးဒုက္ခရောက်မယ်။ သူများ အိုင်ဖုန်းကိုင်လို့ ကိုယ်လိုက်ကိုင်တာဘာမှမဖြစ်ဘူး။ သူများ တိုက်ဆောက်လို့ အားကျမခံ ငါလဲမရှိရှိတာ ထုခွဲရောင်းချ ဆောက်မယ်ကွာ ဆိုတာ အလွန်ဆုံး အကြွေးတင်ရုံမျှသာ ဘဲ ။

ကလေးပညာရေးက ဒီလောက်မရိုးရှင်းတော့ဘူး ။ လူတွေ နဲ့ အလုပ်လုပ်တာ ။ အချိန် ကိုစောင့်ရတာ ။ ပတ်၀န်းကျင်ကို ရွေးတာ အပြင် ထိုပတ်၀န်းကျင်က ကိုယ့်ကလေးကို ဘယ်လိုဆက်ဆံ မလဲ ။ ကိုယ့်ကလေးကကော ထိုအသိုင်းအဝိုင်း ထဲမှာ ဘယ်လို react လုပ်လဲ ။ အကုန်ထည့်သွင်းစဥ်းစားရမှာဖြစ်သွားပြီ။ ဒါ​ကြောင့် ငွေကြေးချင့်ချိန် ရတဲ့ မိဘများအနေနဲ့ မိမိ ဘာသာ ရေရှည် အဆင်ပြေရာ လုပ်ကြပါ။

စာသင်ဖို့ အခွင့်အလမ်း မရကြတဲ့ကလေးတွေလည်း များစွာရှိနေပါတယ်။ ကိုယ့်သားသမီးဟာ စာသင်နေရရင် အများကြီးကံကောင်းပါတယ်လို့ မှတ်ပါ။ တစ်ချို့ဆိို စာသင်ဖို့ ထက် ရှင်သန်ဖို့ကို မနည်းရုန်းနေကြရတာပါ။ ။

ကျန်းမာချမ်းသာကြပါစေ။




29/05/2026

ညီညာ ထကြွ
ဆုံးမ ပုန်ကန်
လာမူထွက်ပြေး
ထံနီးကပ်စား
သင်ပေး မေ့ပစ်
တပည့်ချစ်
21 ရာစုမှာ။ ။

ကျောင်းတွေဖွင့်ကာနီးလေး
ဆရာ ဆရာမတွေ အတွက်အားပေး စကားလေးပါ။

နောက်တာပါ။




27/05/2026

ကျွန်ုပ်တို့ တစ်ယောက်တည်း မဟုတ်ပါလား ဆိုတာသိ နားလည်ဖို့ စာဖတ်ခြင်း ဖြစ်သည် တဲ့။

"We read to know we're not alone."

William Nicholson, Shadowlands

ကျွန်ုပ်တို့သည် တစ်ခါတစ်လေ မိမိဘဝ ရုန်းကန်ရလွန်း၍ စိတ်ပျက်ကြသည်။ အချစ်ရေး လူမှုရေး အဆင်မပြေ၍ စိတ်ညစ်ကြသည်။

ရသ စာအုပ်များ။ ဘဝသရုပ်ဖော် စာအုပ်များ တွင် မိမိကဲ့သို့သော ဘဝများ အကြောင်းရေးထားသည်ကိုတွေ့မည်။ ထိုအခါ ထိုစာအုပ်များကိုဖတ်ရင်း အော် ငါ့လိုဘဝ အများကြီးရှိပါလား ဆိုတာသိလာမည်။

စာအုပ်ထဲမှကြိုးစားမှုများရုန်းကန်မှုများ ကို ဖတ်ရသောအခါအားတက်လာမည်။
မိမိဘဝ အတွက်သင်ယူ စရာတွေ အတုယူစရာတွေတွေ့လာမည်။

ထို့ကြောင့် စာအုပ်တွေကို ဖတ်ကြည့်ပါ။ သင့်လို ဘဝ တွေ အများကြီး ရှိသည်။ သင်တစ်ယောက် တည်းမဟုတ် ဆိုတာသိလာမည်။

မိမိ ရင်ထဲက စကားလုံးအဖြစ် မ​ဖော်ပြ နိုင်သော ခံစားချက်တွေကို စာမျက်နှာပေါ်မှာ ပုံ ဖော်ပေးထား၍ စာဖတ်ခြင်းသည် ငွေမကုန်သော စိတ်ကုထုံး (Bibliotherapy) တစ်ခု ဟုဆိုနိုင်သည်။

သုတစာပေများ၊ ဦးနှောက်အလုပ်ပေးသော စာအုပ် များ မဖတ်နိုင်တောင်၊ ရသ စာပေ ကိုတော့ ကလေးမှစ လူကြီးအဆုံးဖတ်သင့် သည်ဟုထင်ပါသည်။

ခုခေတ်လူငယ်များလူကြီးများစာဖတ်အားနည်းကြသည်။ အဓိကကတော့ စားဝတ်နေရေးအတွက်ရုန်းကန်နေရလို့ ကျောင်းစာပိနေလို့ အစရှိသဖြင့် အကြောင်းပြချက်ပေးကြပါသည်။

စိတ်ဝင်စားသော အရာ အတွက် မအားအားအောင်အချိန်လုကြိုးစားလုပ် တတ် ကြပါသည်။ games ဆိုရှယ်မီဒီယာ အစရှိသဖြင့် အချိန်လု သုံးကြသည်။

စာဖတ်ခြင်းကိုလည်း အချိန်လေးလုပြီး နည်းနည်းခြင်း လုပ်သွားရင်ရနိုင်သည်။ ဆရာကြီး ပီမိုးနင်းပြောသလို တစ်နေ့လျှင် နာရီဝက်မျှသော ဆယ့်ငါးမိနစ်မျှသော အချိန်လေးကို အကျိုးရှိစွာ သုံးသင့်သည်။ တစ်နေ့ကို စာမျက်နှာ အများကြီး ဖတ်စရာမလိုဘဲ ၁၅ မိနစ်ပဲ ဖတ်ဖတ်၊ တစ်နေ့ကို ၅ မျက်နှာပဲ ဖတ်ဖတ်၊ ဖတ်ရင်း များလာတဲ့အခါ တစ်နှစ်မှာ စာအုပ်အတော်များများ ပြီးသွားနိုင်သည် ။ ဒါသည်ပင် Atomic Habits ဖြစ်သည်။

အောင်မြင်ကြပါစေ။




26/05/2026

International School တွေမှာ ကလေး‌‌ငယ်‌ေလးတွေကို လက်ခံဖို့ Assessment (အကဲဖြတ်မှု) လုပ်တာ သိပ်ခက်သလား။ ကျောင်းတိုင်းအတူတူပဲလား။ မတူတဲ့ကျောင်းရောရှိလား။ Assessment မလိုတဲ့ကျောင်းရောရှိလား။

၆ လလောက်အရွယ်ကတည်းက ကြိုတင်ပြင်ဆင်သင့်လား။ မပြင်ဆင်ရင်ကလေးကတစ်သက်လုံးနောက်ကျပြီလား။

ကျောင်းအမျိုးမျိုး မူအမျိုးမျိုးရှိပါလိမ့်မည်။

‌အချို့‌‌ေကျာင်း‌ေတွရဲ့ အကဲဖြတ်မှုတွေကတော့ ဒီ အက္ခရာတွေသိရမယ်၊ အင်္ဂလိပ်လို အရောင်တွေ အကုန်သိရမယ်၊ တိရစ္ဆာန်နာမည်တွေ အကုန်သိရမယ် အစရှိသဖြင့်ပေါ့လေ။သိတဲ့ကလေးတွေ သိပါလိမ့်မည်။ အိမ်ကမိဘက English စကားပြောမိဘဆိုသိနိုင်သည်။ သင်ထားလို့သိနိုင်သည့် ကလေးများလည်း ရှိနိုင်ပါသည်။

တကယ့် နိုင်ငံတကာစံနှုန်းနဲ့ ဖွင့်ထားတဲ့ ကျောင်းတွေမှာ အခြားနိုင်ငံများပေါ့လေ။ ၂ နှစ်ခွဲ ကလေးတစ်ယောက်ကို စစ်ဆေးတဲ့ အဓိက အချက်တွေက စာတွေမဟုတ်ပါ။

လူမှုဆက်ဆံရေး (Social Skills) ကိုစစ်ကြည့်တယ်။
မိဘနဲ့ ခဏခွဲထားလို့ ရ/မရ၊ တခြားကလေးတွေနဲ့ အတူတူ ဆော့တတ်/မဆော့တတ်။

နားလည်နိုင်စွမ်း (Receptive Language) ကိုစစ်တယ်။

ဆရာမက ပစ္စည်းလေးတစ်ခု ယူပေးပါလို့ ပြောရင် နားလည်လား၊ ရိုးရှင်းတဲ့ ညွှန်ကြားချက်တွေကို လိုက်နာနိုင်လား ဆိုတာမျိုးလေးတွေ။

ကိုယ်လက်လှုပ်ရှားမှု (Motor Skills) ကိုကြည့်တယ်။
ပြေးတာ၊ ခုန်တာ၊ အရုပ်လေးတွေ ကိုင်တွယ်တတ်တာ။

အာရုံစူးစိုက်မှု (Attention Span)
ကစားစရာတစ်ခုကို အချိန်ခဏလောက် အာရုံစိုက်ပြီး ကစားနိုင်လား ဆိုတာတွေကိုသာ အဓိက အကဲဖြတ်တာဖြစ်တပါတယ်။ နိုင်ငံတကာ မှာလုပ်နေကြတဲ့ အကြမ်းဖျင်း အကဲဖြတ်မှုဆိုပါတော့။

၂ နှစ်ခွဲအရွယ်မှာ စာလုံးတွေမသိ လို့ ကျောင်းလက်မခံဘူး ဆိုတာမျိုးက တကယ့် Child Psychology ကို နားလည်တဲ့ နိုင်ငံတကာကျောင်းတွေမှာ မရှိသလောက် ရှားပါတယ်။ မြန်မာနိုင်ငံက အဆင့်အရမ်းမြင့်လွန်းတော့ အကဲ ဖြတ်စစ်ဆေးမှုကို အဆင့်မြှင့်တင်ထားတယ်လို့ယူဆရပါတယ်။

ဖြစ်နိုင်တာ တစ်ခုကတော့ ကျောင်းအပ်တဲ့လူ အရမ်းများတော့ အကောင်းဆုံးတွေပဲရွေးယူမယ် ဆိုတဲ့ ဈေးကွက်သဘောတရားလည်း ပါပါလိမ့်မည်။

အသက် ၆ လကတည်းက (Whole Brain Training) မထားရင် နောက်ကောက်ကျမှာလား ဆိုတော့၊ လုံးဝ လုံးဝ မဟုတ်ပါ။

အသက် ၆ လအရွယ် ကလေးတစ်ယောက်အတွက် မဖြစ်မနေ Brain Training ထားဖို့ လိုအပ်တယ် ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား မရှိပါ။

ကလေးအထူးကုဆရာဝန်တွေနဲ့ စိတ်ပညာရှင်တွေရဲ့ အဆိုအရ အဲ့ဒီအရွယ် ကလေးတွေအတွက် အကောင်းဆုံး Training က မိဘရဲ့ နွေးထွေးတဲ့ ဂရုစိုက်မှု၊ အတူတူ စကားပြောပေးမှု၊ သီချင်းဆိုပြမှုနဲ့ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ပေးခြင်း (Free Play) ပဲ ဖြစ်ပါတယ်။

ယခုခေတ်မှာ အရင်လို ၅ နှစ်/ ၆ နှစ်မှ သူငယ်တန်း (KG) တန်းဝင်ဖို့ဆိုတာ ကလေးအတွက် နည်းနည်း စိမ်းသွားတတ်ပါတယ်။ အကောင်းဆုံးကတော့ အသက် ၃ နှစ်၊ ၄ နှစ် ဝန်းကျင်လောက်မှာ Pre-KG ဒါမှမဟုတ် Nursery ကို ပို့ပေးပြီး သူငယ်ချင်းတွေနဲ့ ဆော့ကစားဖို့၊ လူမှုဆက်ဆံရေး ကျင့်သားရဖို့ ကြိုတင်ပြင်ဆင်ပေးတာက ကလေးအတွက် ပိုကောင်းပါတယ်။ မှတ်ချက် - စာမှ စာ။ စာရေးစာဖတ်ကို မဆိုလိုပါ။
ထိုအရွယ်လေးနဲ့ စာကိုစိတ်ဝင်စားပြီး စာတော်‌သော ကလေးများလည်းရှိပါသည်။ သို့သော် အနည်းစု သာဖြစ်သည်။ ဒီကလေးတွေကိုကြည့်ပြီး မိမိ ကလေးကိုအားမလိုအားမရ မဖြစ်သင့်ပေ။ သူ့ talent နှင့်သူမို့ ကလေးအနေနဲ့ ပျော်ရွှင် ကျန်းမာစွာ ပညာသင်နေလျှင် ကျေနပ် သင့်ပါသည်။

ဒီစာ က ကလေး ၆လ က‌တည်းက သင်တန်း မထားခဲ့ရလို့ ပူပန်နေသောမိဘများအတွက်ဖြစ် ပါတယ်။

ငွေ‌ကြေးတတ်နိုင်သူ ၊ ရည်ရွယ်ချက် ကြီးသူမိဘများကတော့ နှစ်သက်ရာ လမ်း‌ကြောင်းရွေးကြပါလိမ့်မည်။

မိဘများအဆင်‌ပြေကြပါစေ။



18/05/2026

ခုမှ စာစသင်မယ့်ဆရာ ဆရာမလေး​တွေ အနေနဲ့ ကိုယ့်နာမည်ကိုပေါက်ချင်ရင် Tik Tok ကစပါ။ ကိုယ်သိတာမျှဝေပါ။ Tik Tok ကနေသင်တန်းစဖွင့်ပါ။ page မှာ Tik Tok မှာတင်တဲ့ Video တွေ စာတွေ ပြန်တင်ပါ။
Tik Tok မှာ page link တစ်ခါတည်း ပြထားပါ။ YouTube သုံးရင် အကောင့်တစ်ခါတည်းပြထားပါ။

Tik Tok ကပေါက်ဖို့ပိုလွယ်ပါတယ်။ short video တွေဆက်တိုက်တင်ပါ။ နည်းနည်းပေါက်လာရင် သင်တန်းဖွင့်ပါ။ ဒါသည်ပင် အရိုးဆုံး အရှင်းဆုံး နည်းလမ်းပါ။

Free value အရင်ပေးပါ။
​Short-form videoသုံးပါ။video အရှည်ကြီးတွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အပိုင်းတိုလေး​တွေကို ဖြတ်ပြီး TikTok မှာ အရင်ချပြပါ။ ထို video များကို page တွင် လည်း ပြန်တင် လို့ရပါတယ်။

သင်တန်းကြေငြာရာတွင်
​ပထမဆုံး (၁) ခန်း သို့မဟုတ် (၂) ခန်းကို Free ကြည့်ခွင့်ပေးပြီး ကိုယ့်ရဲ့ သင်ကြားပြသပုံကို မြည်းစမ်းခွင့်ပေးပါ။ ပြီးမှသင်တန်း ကြော်ငြာပါ။

​သင်တန်းရှိတယ် လာတက်ပါ ဟု တိုက်ရိုက်ပြောမည့်အစား ကျောင်းသားတွေ ကြုံတွေ့နေရတဲ့ "အခြေခံမရှိလို့ ဘယ်ကစရမှန်းမသိတာ"၊ "အချိန်မရတာ" စတဲ့ အခက်အခဲတွေကို အရင်ထောက်ပြတာကပိုကောင်းပါတယ်။

​ Community တည်ဆောက်ပါ။
​page အပြင် Facebook Private Group တစ်ခုပါ တွဲထောင်ပါ။ Group ထဲတွင် ကျောင်းသားများနှင့် ရင်းနှီးမှုရအောင် မေးခွန်းများ ဖြေပေးခြင်း၊ ဖြည့်စွက် Knowledge မျှဝေခြင်းများ ပြုလုပ်ပါ။ Telegram group ထားပါ။

မိမိကို အများက လက်ခံကြောင်း Social Proof အနေနဲ့
​Free ဗီဒီယိုကြည့်ပြီး သဘောကျသူများ၏ Comment များနှင့် အရင်ကျောင်းသားဟောင်းများ၏ Feedback (Review) မက်ဆေ့ခ်ျများကို Screenshot ရိုက်ပြီး Page တွင် ပုံမှန်တင်ပြပါ။

သတိပြုရမည်က
video များ စာများ တင်ရာတွင်
ရိုးသားပါ။ အွန်လိုင်းတွင် ဆရာကြီးများပေါသောကြောင့် မိမိ၏ သင်ကြားမှုကို ၀င်ရောက်လျှာရှည်သူ၊ မိမိ ၏ အသံထွက် ကိုကဲ့ရဲ့သူ၊ မိမိ၏ သင်ကြားနည်းကို ​​​ေ၀ ဖန်သူ မျိုးစုံတွေ့နိုင်ပါတယ်။ မိမိ မှားရင်လက်ခံ လိုက်ပါ။ အမှန်ပြင်ပါ။ မလိုအပ်ပဲ Blame သူများကိုတော့လျစ်လျူရှုပါ။ မိမိစွမ်းရည် ကိုအမြဲမြှင့်တင်နေပါ။ အမြဲလေ့လာနေပါ။ စဥ်ဆက်မပြတ် မျှဝေပါ။

မိမိ တကယ်ကောင်းလျှင် တကယ်မှန်လျှင်ရေရှည် အဆင်ပြေ သွားလိမ့်မည်။

အောင်မြင်ကြပါစေ။




14/05/2026

၅နှစ် အရွယ်ကလေးတစ်ယောက်ဟာ သူ့အမေနဲ့ အိမ်ကို စာလာသင်တဲ့ဆရာမ ကြားမှာ ရန်တိုက် တာမြင်ဖူးသည်။ တကယ်တော့သူစာမသင်ချင်လို့ စကား‌ကို ဟိုတစ်မျိုး ဒီတစ်မျိုး ပြောတာဖြစ်သည် ။ ထိုဆရာ မလည်း အမေဖြစ်သူနဲ့ စိတ်ဆိုးပြီးစာလာမသင်တော့ပေ။ ထိုကလေးက လျှောက်ပြောသည်ကို နောက် နှစ်နှစ် လောက်ကြာမှ ဆရာမရော အမေရော ပြန်သိသည်။ ထိုကလေးကို ကျောင်း ပို့သောအခါ ကလေးက ကျောင်းမသွားချင်လို့ နေ့တိုင်းငိုသည်။ မူကြိုပို့တုန်းက လည်း နေ့တိုင်းငို လို့ မူကြိုကိုမထားခဲ့ရ။

နောက်ဆုံး လူကြီးများက ပြောသည် နင်ကျောင်းသွားရမယ်။ စာရေးရမယ်။ စာမတတ်ရင် ဘူတာရုံမှာ တောင်းစားရမယ် လို့ပြောသည်။ ထိုကလေးက စာရေးရင် ခဲတံပစ်ချပြီး‌ပြောသည်။ သမီးဘူတာရုံပဲ သွားတော့မယ် တဲ့။

ထိုစဥ်က ကလေးများပညာရေးကို အ​လေးပေးသင့်ကြောင်း ပြောဆို နေသည့် အွန်လိုင်းပေါ်က ဆရာကြီးများ မရှိသေး။ Parenting ဘာညာ ခေတ်မစားသေး။ tiktok ခေတ်မစားသေး။
နယ်မြို့လေးဆိုတော့ပိုဆိုးသည်။ မိဘက ကလေးကို အလိုလိုက်ကာ ကျောင်း ထားရမယ့်အရွယ်မှာ ကျောင်းမထားသေးဘဲ တစ်နှစ်ထပ်စောင့်လိုက်သည်။ ကျောင်းထားတာ တစ်နှစ် ကျော်‌ လောက် နောက်ကျသွားသည်။

ထိုကလေး မူလတန်းတက်သည်။ ထိုကလေး Grade 4 အရောက်မှာ ကိုဗစ်စဖြစ်သည်။ နောက် နိုင်ငံရေး။ ပြည်တွင်းစစ်။

တဖြည်းဖြည်းအသက်ကကြီးလာသည်။ ယခု အသက် ၁၆ ရောက်ပြီ။ သူအထက်တန်းမြန်မြန်အောင်ချင်ပြီ။ တက္ကသိုလ်သွားချင် တဲ့စိတ်ရှိလာပြီ။ သို့သော် ယခုမှ အလယ်တန်း။ ရွယ်တူများ Grade11 / Grade 12 ရောက်နေကြသောအခါ သူက အားကျရှာသည်။ သူ့ကိုယ်သူအားမရဖြစ်လာပြီ။ IGCSE သို့မဟုတ် GED သွားချင်ပြီ။ မိဘက သဘောမတူ။

ဒါ‌ကြောင့် ကလေးကို ပညာရေး နဲ့ပက်သက်ရင် မိဘ များ ရေရှည်ကြည့် ဖို့လိုသည်။ အချိန်ကို တွက်ဖို့လိုမည်။

အောင်မြင်ကြပါစေ။




06/05/2026

ကျနော်တို့ဟာဆရာတွေကို ပညာတွေ သင်ပေးတဲ့ သူရဲကောင်းတွေလို့ ထင်မှတ်လေ့ရှိကြပေမယ့်
ဘဝ သင်ခန်းစာတွေ သင်ပေးသူလို့ မထင်မှတ်ခဲ့ကြပါဘူး။

“We think of teacher-heroes that taught us
the academics but we don’t often think of
those teachers that taught us life’s
lessons.” — Maria Wale, My Teacher My Hero

ဟုတ်ပါတယ်။ တကယ်တော့ ဆရာကောင်းတစ်ယောက်ဟာ အတန်းပညာအပြင်ဘဝ သင်ခန်းစာပါသင်ပေးသင့်တာပါ။
ဒီနေ့ခေတ် ကလေးအတော် များများ ဟာ မိမဆုံးမ ဖမဆုံးမ လေးတွေ များပါတယ်။ အုပ်ထိန်းသူများ နဲ့နေသောကလေးများလည်း အုပ်ထိန်းသူကိုမိဘ အရာထားပြီး ရှုမြင်ကြည့်ပါ။

မိဘတို့ အပြစ်မဟုတ်ဘူးနော်။ခေတ်ကြီးက ကြပ်တာကိုး။ မိုးလင်းမိုးချုပ် တနေကုန် ထမင်း ရှာကျွေးနေရတဲ့ ၊ ကျောင်းစရိတ်ရှာနေရတဲ့ မိဘတွေ အတော်များများဟာ ဘယ်လိုလုပ်သားသမီး ကိုဆုံးမချိန်ရှိမှာလဲ။ ဒါကြောင့်ပြောတာ မိမဆုံးမ ဖမဆုံးမလို့။

မိဘအားလုံးတော့ မဟုတ်ဘူးပေါ့လေ။ သေချာအချိန်ပေးနိုင်ပြီး အလုပ်နဲ့ ဘ၀ မျှတနေတဲ့ မိဘများ ကတော့ ဆုံးမနိင်မှာပါ။

ရုန်းကန်ရတဲ့မိဘများကတော့
မနက် မိဘ များအလုပ် သွား ‌ တော့ ကလေးတွေက ကျောင်းမှာ တနေကုန်နေ။ ညနေ ပြန်လာ ကျူရှင် သို့မဟုတ် ကစား ဆော့ မိဘက အလုပ်ပြန်မလာသေး။

ဟောပြန်လာတော့ လည်းထမင်းစားရုံတူတူစား။ ကလေးကစာကျက်သို့မဟုတ် ဂိမ်းဆော့။ အချို့ ကလေးကတော့ ဂိုက် နဲ့ စာကျက်။ အွန်လိုင်းသင်တန်းကိုဆက်။ပြီးတော့အိပ်ယာဝင်။ သွန်သင်ဆုံးမချိန် ပျိုးထောင်ချိန်မရှိ။

ညအခါအိပ်ယာဝင်ပုံပြင်လေးတွေ ပြောပြ ကိုယ် လိုသလို က လေးကို သွန်သင် ချိန်လေး‌ လဲ မရှိ။ ကလေးကအိပ် မိဘက အလုပ်ကြွေးတွေလုပ်။ ဒါမှမဟုတ် ခေါင်းထဲမှာ ကလေးပုံပြင်ပြောဖို့ထက် ထမင်းရှာစား ဖို့က စဉ်းစားရသေး။

ကြယ်လေးတွေကြည့်ပြီး လပြည့်ညမှာ သားလေးသမီးလေးတို့နဲ့ စကားပြောဖို့ဆိုတာ အရင်ခေတ်မှာကျန်ခဲ့ပြီ။

မိဘကဆုံးမချိန်မရှိ‌တော့ကလေးများက Tik Tok YouTube အစရှိတဲ့ ဆိုရှယ်မီဒီယာများက ဆရာ ကြီးများကို အားကိုးကြရတာပေါ့လေ။

အဲဒီတော့ ဒီကလေးကို သွန်သင် ဖို့တာဝန်က
ဆရာတွေဆီရောက်လာတာပေါ့လေ။ ကျောင်းတိုင်း ၊ သင်တန်းတိုင်းက ဆရာတွေပေါ့။

တတ်နိုင်သလောက်သွန်သင်ပီး ဘဝသင်ခန်းစာတွေပေးလိုက်ကြပါ ဆရာ၊ ဆရာမများ ခင်ဗျား။

သူတို့ဘဝမှာ ဆုံးမခဲ့မယ့်လူတကယ်ကိုမရှိခဲ့တာပါ။

ဆရာသည် ဘဝသင်ခန်းစာပါပေးနိုင်မှဆရာ ပီသပါတယ်။

( တစ်ခါတစ်လေလည်း စရိုက်စုံသော ကလေးများ နဲ့တွေ့ရနိုင်ပါတယ်။ ကိုင်တွယ်ရခက်နိုင်ပါတယ်။ )

ကြုံခဲ့ဖူးသော ဆရာမ ကြီးတစ်ယောက်ပြောစကားလေးနဲ့နိဂုံးချုပ်ပါရစေ။

သူပြောတာက-
'ငါ့မှာ ကလေးငါးယောက်ရှိတယ် အားလုံးထူးချွန်တယ်။ ပင်ပင်ပန်ပန်း မဆုံးမခဲ့ရဘူး။ နည်းနည်းပါးပါးသင်ရင်ရတယ်ကွဲ့။ အဲဒါ ငါတော်လို့မဟုတ်ဘူး။ ငါ့ကလေးတော်လို့လဲမဟုတ်ဘူး။ ကံရဲ့ အကျိုး။ ကိုယ်သင်တဲ့ကျောင်းသားတွေကို ကိုယ့်သားသမီး လို့သာသဘောထားသင်လိုက်။ နင့်သားသမီးတွေအလှည့်ကျရင် လည်း အဲဒီ အကျိုးခံစားရမယ်' တဲ့ဗျား။

သင်ဆရာ မြင်ဆရာ ကြားဆရာများကိုကန်တော့ လျက်။

အောင်မြင်ကြပါစေ။



04/05/2026

နိုင်ငံက ဆင်းရဲတော့ ငွေရပြီးရော စီးပွား​ရေးလုပ်ကြတာပေါ့။ ငွေကလွဲ ပြီး ဘာမှရမလာပြန်ရင်လည်း တန်ဖိုး နိမ့် စီးပွားရေးလို့ဆိုရမယ်။

လူ့အဖွဲ့အစည်းအပေါ် အကျိုးဖြစ်ထွန်းမှု ကို မပေးနိုင်ဘူးဆိုရင်၊ကျင့်၀တ်တွေ ကို မသိတတ်ဘူးဆိုရင်၊ ကိုယ်ကျင့်တရားကို အားမပေးဘူးဆိုရင် အဲဒီလုပ်ငန်းဟာ အရည်အသွေးမမီတဲ့ သို့မဟုတ် တန်ဖိုးနိမ့်တဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်ပေါ့လေ။

ဟင်နရီဖို့ဒ် ပြောတာပါ။

A business that makes nothing but money is a poor business.

Henry Ford

ပညာရေးလုပ်ငန်း လုပ်သူများသတိထားနိုင်စေဖို့ပါ။
အောင်မြင်ကြပါစေ။




Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


84th Street
Mandalay