Guiding Star - Special Education Blog
Knowledge sharing Blog about Child Psychology,Development,Parenting,Mental Health,Psychology
Autism Awawreness day 2026 is
Autism is humanity
Every life has value
We must focous their Individual different ways, talent and imagination,and their equal right
I love them.
Teacher Swe Swe
Myanmar Special Education Facilitator
Guiding star special education Blog
Guiding Star Special Education Center
26/03/2026
စိတ်ဖိစီးမှုများတဲ့ ဒီကာလမှာ မိမိရဲ့စိတ်ကျန်းမာရေးကို ဒီနည်းလမ်းလေးတွေနဲ့ ဂရုစိုက်ကြစို့
အခြေအနေအမျိုးမျိုးကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေရတဲ့အခါ မိမိကိုယ်ကိုယ် ပြန်လည်ပြုစုပျိုးထောင်ဖို့ (Self-care) ဟာ အရေးကြီးဆုံးအလုပ်တစ်ခု ဖြစ်လာပါတယ်။ စိတ်ဓာတ်တွေ ပြန်လည်လန်းဆန်းလာစေဖို့ အောက်ပါအချက်လေးတွေကို သတိလေးထားပြီး လုပ်ကြည်ပါ။
၁။ ခန္ဓာကိုယ်ကျန်းမာရေးဆိုတာ စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခြေခံအချက် တစ်ခုပါ
မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းဟာ နေ့စဉ်ပြုလုပ်ရမယ့် အလေ့အကျင့်တစ်ခုဖြစ်ပြီး သင်ဟာ အလေးထားဂရုစိုက်ခံရဖို့ ထိုက်တန်သူတစ်ဦးဖြစ်တယ်ဆိုတာကို အမြဲသတိရပါ။
• ( အိပ်စက်ခြင်း ) အိပ်ချိန်ကို စနစ်တကျ သတ်မှတ်ပြီး လုံလောက်စွာ အိပ်စက်ပါ။ ဒါဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
• ( အစားအသောက် ) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားသုံးပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးပြီး စိတ်ခံစားချက်ကောင်းစေပါတယ်။
• (လှုပ်ရှားမှုလေ့ကျင်ခန်း) နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။
၂။ ပစ္စုပ္ပန်တည့်တည့်မှာ နေထိုင်ပါ (Mindfulness)
အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးပြီး နောင်တရခြင်း ဒါမှမဟုတ် အနာဂတ်အတွက် စိုးရိမ်ပူပန်မယ့်အစား "ယခုလက်ရှိပစ္စုပ္ပန်" ကိုသာ အာရုံစိုက်ပါ။
• စိတ်ပူပန်မှုတွေ များလာတဲ့အခါ အသက်ကို ခပ်ပြင်းပြင်းနဲ့ မှန်မှန်ရှူသွင်း ရှူထုတ်ပေးတဲ့ (Deep Breathing) လေ့ကျင့်ခန်းကို လုပ်ပါ။ ဒါဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ငြိမ်သက် ဖြေလျော့သွားစေပါတယ်။
• တစ်နေ့တာမှာ မိနစ်အနည်းငယ်လောက် ငြိမ်သက်စွာ ထိုင်နေခြင်း ဒါမှမဟုတ် တရားထိုင်ခြင်းကလည်း စိတ်ကို အေးချမ်းစေပါတယ်။
၃။ အတွေးအခေါ်ကို အမြင်သစ်နဲ့ ပြောင်းလဲကြည့်ပါ (Reframing)
မိမိကိုယ်ကိုယ် အဆိုးမြင်စကားလုံးတွေနဲ့ ဝေဖန်မယ့်အစား ကြင်နာမှုကို ထားပေးပါ။
• စိတ်ထဲမှာ အလိုအလျောက် ပေါ်လာတတ်တဲ့ မကောင်းမြင်စိတ်တွေကို သတိထားကြည့်ပြီး ဒါတွေဟာ "အမှန်တရား" တွေ မဟုတ်နိုင်ဘူးဆိုတာကို ပြန်လည်ဆန်းစစ်ပါ။
• အခြေအနေတစ်ခုကို အဆိုးဘက်ကပဲ ကြည့်မယ့်အစား အကောင်းဘက်ကနေ အမြင်သစ်နဲ့ ပြန်လည်တွေးတောကြည့်ခြင်းက စိတ်၏ မသက်မသာဖြစ်မှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
၄။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့
မိမိကို ချစ်ခင်အားပေးတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ရင်ဖွင့်စကားပြောခြင်းဟာ စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်ပါတယ်။
• (စည်းကမ်းသတ်မှတ်ချက် (Boundaries) ) မိမိရဲ့ စွမ်းအင်တွေကို ကုန်ခမ်းစေတဲ့သူတွေနဲ Boundary ထားပါ။ ဒါအပြင် ကိုယ်မကြိုက်တဲ့ အခြေအနေတွေကို "ဟင့်အင်း" လို့ ငြင်းဆိုတတ်ဖို့ လေ့ကျင့်ပါ။ မိမိအတွက် သီးသန့် အနားယူချိန် (Personal Space) ထားရှိဖို့ လိုအပ်ပါတယ်။
၅။ ကျေးဇူးတင်တတ်တဲ့ စိတ်ကို မွေးမြူပါ (Gratitude)
တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ ကောင်းမွန်တဲ့ အရာလေးတွေကို မှတ်သားထားတဲ့ "ကျေးဇူးတင်လွှာ" (Gratitude Journal) ရေးသားတဲ့ အလေ့အကျင့်ကို လုပ်ကြည့်ပါ။ ဒါဟာ ဘဝအပေါ် အကောင်းမြင်စိတ် တိုးပွားစေပြီး စိတ်ကို ပျော်ရွှင်စေပါတယ်။ဒါအပြင် မိမိနှစ်သက်တဲ့ ဝါသနာတစ်ခုခုအတွက်လည်း အချိန်သီးသန့်ပေးပါ။
💡 အရေးကြီးဆုံး နောက်ဆုံးအချက်ကတော့ အကယ်၍ သင့်ရဲ့ စိတ်မသက်မသာဖြစ်မှုတွေဟာ ပြင်းထန်လာပြီး နေ့စဉ်ဘဝကိုပါ ထိခိုက်လာပြီဆိုရင်တော့ ဆွေးနွေးတိုင်ပင်ဖို့ ရှက်ရွံ့မနေပါနဲ့။
ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးပညာရှင် ဒါမှမဟုတ် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခြင်းက သင့်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပါလိမ့်မယ်။
ချစ်ခင်ကြင်နာပြီး ခိုင်မြဲတဲ့ မိသားစုဆက်ဆံရေးက ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ???
ဒီနေမျှဝေပေးမယ့်အကြောင်းအရာကတော့ ချစ်ခင်ကြင်နာပြီး ခိုင်မြဲတဲ့ မိသားစုဆက်ဆံရေး ရှိခြင်းက ကလေးရဲ့ ဖွံ့ဖြိုးမှု၊ သူ့ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာကို မျှဝေပေးမှာဖြစ်ပါတယ်။
ချစ်ခင်ကြင်နာပြီးခိုင်မြဲတဲ့ မိသားစုဆိုတာ ဘာလဲ
မိသားစုအတွင်းအချင်းချင်း မေတ္တာထားချစ်ခင်ကြတယ်၊ မိသားစုဝင်တိုင်းရဲ့ ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေ ကောင်းမွန်ကြတယ်၊ ဘဝအပေါ်မှာ အကောင်းမြင်စိတ် နှင့်
မျှော်လင့်ချက်ရှိတဲ့ အတွေးအခေါ်အမြင်ရှိကြပြီး အချင်းအချင်း အားပေး ကူညီနှစ်သိမ့်မှုတွေလုပ်ကြတယ်။ မိသားစုမှာ အချင်းချင်းတာဝန်ခွဲယူကြတယ်။ မိသားစုအတွင်းမှာ စိတ်လုံခြုံတဲ့ ခံစားချက်မျိုးရှိကြပြီး ပျော်ရွှင်၊သက်တောင့်သက်သာရှိတဲ့ ဆက်ဆံရေးမျိုးရှိကြတယ်ဆိုရင် ဒါကို ချစ်ခင်ကြင်နာပြီး ခိုင်မြဲတဲ့ မိသားစုလို သတ်မှတ်လို့ရပါတယ်။
၁။ ချစ်ခင်ကြင်နာပြီးခိုင်မြဲတဲ့မိသားစုဆက်ဆံရေးရှိခြင်းက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိတဲ့အပြင် ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းစွာ ဖွံ့ဖြိုးမှုအတွက် အခြေခံကျတဲ့ အထောက်အပံ့ဖြစ်ပါတယ်။
၂။ မိဘက ကလေးရဲ့ငယ်စဉ်ဘဝမှာ မေတ္တာတရား၊ စိတ်လုံခြုံမှု ပြည့်ပြည့်ဝဝပေးနိုင်တယ်၊ မိဘနှင့်သားသမီးကောင်းမွန်တဲ့ ချစ်ခင်တွယ်တာမှုရှိခဲ့တယ်ဆိုရင် သူ့ဘဝ
တစ်လျှေက်လုံးမှာ အခြားသူများနှင့် ပျော်ရွှင်ပြီး စိတ်ချမ်းသာတဲ့ ဆက်ဆံရေးတွေတည်ဆောက်နိုင်ဖို့ များပါတယ်။
၃။ ကလေးနှင့်မိဘကြားမှာကောင်းမွန်ခိုင်မာတဲ့ ယုံကြည်မူ၊ မေတ္တာတရား၊ သံယောဇဉ်တွေနှင့် နှောင်ဖွဲ့တည်ဆောက်ထားတဲ့ ဆက်ဆံရေးမျိုးရှိတဲ့ ကလေးတွေက သူဘဝရဲ့ခက်ခဲ့တဲ့ အခြေအနေတွေမှာ ပိုပြီး ကြံကြံခံနိုင်ပြီး စိတ်ဖိစီးမှုတွေကို ကောင်းကောင်းဖြေရှင်းနိုင်တာတွေရပါတယ်။
၄။ နောက်ဆုံးအချက်အနေဖြင့် မိဘအချင်းချင်းနှင့် မိဘနှင့် ကလေးကြား ဆက်ဆံရေးကောင်းမွန်ခြင်းက ကလေးအတွက် ပြသာနာဖြေရှင်းနိုင်စွမ်း (Problem Solving Skill) မှာ သာမန်ထက်ပိုမိုကောင်းမွန်စွာဖြေရှင်းနိုင်စွမ်းရှိ
သည့်အပြင် စိတ်ခံစားမှုဆိုင်ရာ တည်ငြိမ်မှုရင့်ကျက်မှု ရှိတာ ကိုလည်း တွေ့ရပါတယ်။
ကလေးနှင့်မိဘကြား ဆက်ဆံရေးပိုကောင်းစေဖို့ မိဘတိုင်းလုပ်ဆောင်ရမယ့် အချက် ၃ ချက် နဲပက်သက်ပြီး အောက်က Linkမှာ ဖတ်ရူလေ့လာနိုင်ပါတယ်။
https://www.facebook.com/guidingstarspecialeducationtrainingcenter/posts/113752906735075
သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ၊ဘက်စုံဖွံဖြိုးမူနှင့် ပက်သက်ပြီး၍သော်လည်းကောင်း၊ ကလေးနှင့်ပက်သက်ပြီး ဆွေးနွေးမှုပြုလုပ်ချင်ပါက Guiding Star Special Education Training Center ရဲ့ Message ပေးပို့ဆက်သွယ်ပြီး တွေ့ဆုံ ဆွေးနွေးရန်အတွက် Appointmentယူနိုင်ပါသည်။
မိဘတို့၏ ချစ်ခြင်း မေတ္တာ နှင့် ဥာဏ်ပညာ
ဖြင့်ပြုစုပျိုးထောင်ပေးခြင်းကသာ
သားသမီး တို့၏ ဘဝခရီးလမ်းအတွက် အကောင်းဆုံး သော လမ်းပြ မြေပုံ ပါ။
ချစ်ခြင်းမေတ္တာ ဖြင့်
တီချယ် ဆွေဆွေ
22/01/2026
ကလေးရဲ့ ဖွံဖြိုးမှု အသက်အရွယ်ပေါ် မူတည်ပြီး Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း ) ဘယ်လိုလုပ်မလဲ????
အရင်Contentတုန်းက Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း )အကြောင်းမျှဝေခဲ့ပြီးပါပြီ။ Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း )အကြောင်းမဖတ်ရသေးရင် အရင်ဖတ်ပေးဖို့ တိုက်တွန်းပါတယ်။ ဒါမှ ခုမျှဝေမဲ့အကြောင်းအရာနှင့်ဆက်စပ်မှုရှိပြီး ပိုမိုနားလည်နိုင်မှာဖြစ်ပါတယ်။
မိဘတိုင်းသိကိုသိထားရမယ့် Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း )အကြောင်းကို အောက်က linkမှာ ဖတ်ပေးပါ။
shorturl.at/wGJW9
ခုမျှဝေပေးမဲ့ အကြောင်းအရာလေးကတော့ ကလေးရဲ့ ဖွံဖြိုးမှု အသက်အရွယ်ပေါ် မူတည်ပြီး Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း ) ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း )လုပ်တဲ့အခါ ကလေးရဲ့ဖွံ့ဖြိုးမှု နဲ အသက်အရွယ်ပေါ်မူတည်ပြီး Disciplineကို ပြောင်းလဲရပါမယ်။
Babies ( မွေးကင်းစကနေ ၁နှစ်အရွယ်)
ကလေးငယ်( Babies)အရွယ်မှာက အရာအားလုံးကို စူးစမ်းလုပ်ချင်ကြပါတယ်။ ကလေးငယ်လေးတွေက အဲလိုလုပ်ရတာကို ပျော်ရွှင်ကြပါတယ်။ ဥပမာ မိခင်ရဲ့ ဆံပင်ကိုဆွဲကိုင်ရတာ ကြိုက်တာမျိုး။ Babies ကလေးငယ်လေးတွေက Consequencesဆိုတဲ့ အကျိုးဆက် ( ဒါလုပ်ရင် ဒါဖြစ်မယ်)ဆိုတဲ့ အကျိုးဆက်တွေကို သိနားလည်နိုင်စွမ်းမရှိသေးပါဘူး။ ဘယ်အရာက အမှန်၊ ဘယ်အရာအမှားဆိုတာ ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်းမရှိသေးပါဘူး။
ဒါကြောင့် negative consequences( အမှားလုပ်ရင် မကောင်းတဲ့ အကျိုးဆက်နဲ စည်းမျဉ်းသတ်မှတ်ခြင်း) ဥပမာ- အမှားလုပ်ရင် Tvမကြည်ခိုင်းတော့တာမျိုး၊ Punishment အပြစ်ပေးဒဏ်ပေးတဲ့ စည်းမျဉ်းစည်းကမ်းမျိုးက ကလေးပေါ်မှာ လုံးဝအလုပ်မဖြစ်ပါဘူး။
ဒါအပြင် အရေးကြီးတာက ကလေးငယ်လေး(babies) အရွယ်မှာ မိဘက မေတ္တာတရား၊ ချစ်ခင်တွယ်တာမှု များများပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ babiesလေးတွေက စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ Secure လုံခြုံမှု ကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။
Infants ( ၁နှစ်အရွယ်ကနေ ၃နှစ်အတွင်း )
ဒီအရွယ် ကလေးတွေက ဒေါသဖြစ်လွယ်ခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း အစရှိတဲ့ ခံစားချက်ကြီးတွေနဲ အသားမကျဘဲ ရုန်းကန်နေကြရပါတယ်။ ဘာကြောင်လဲဆိုတော့ ဒီအချိန်မှာ ကလေးတွေရဲ့ ( Social )ဆက်ဆံရေးပိုင်းဆိုင်ရာ၊ (emotional) စိတ်ခံစားချက်ပိုင်းဆိုင်ရာ စွမ်းရည်Skill တွေက ဖွံဖြိုးခါစ ဖြစ်တာကြောင့်ပါ။
မိဘအနေနဲ့ သင်ကလေးကောင်းစွာပြုမူနိုင်ဖို့အတွက် ကလေးရဲ့ ခံစားချက်တွေကိုနားလည်ပေးရပါမယ်၊ ပြီးတော့ ကလေးကို သူတိုဘယ်လိုခံစားနေရလဲ သူတိုကိုသူတိုသိအောင် သင်ကြားပြောဆိုပေးရပါမယ်။ လိုအပ်ရင် သူတိုရဲ့ ပတ်ဝန်းကျင် environment အပြောင်းအလဲလုပ်ပေးခြင်း၊ ကလေးအတွက် အခက်အခဲဖြစ်တဲ့အရာ၊ စိန်ခေါ်မူရှိတဲ့အရာတွေအတွက် အစီအစဉ်ချပေးတာမျိုး ပြုလုပ်ပေးရပါမယ်။
Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း ) လုပ်တဲ့နေရာမှာလည်း (Positive and constructive approach) အပြုသဘောဆောင်တဲ့ နည်းလမ်းမျိုး၊ ချဉ်းကပ်မှုမျိုး သုံးရပါမယ်။ ဥပမာပြောရရင် ကိုယ်မကြိုက်တဲ့အရာကို ကလေးကလုပ်တဲ့အခါမှာ အပြစ်ပေးဒဏ်ပေးတာမျိုး မလုပ်ဘဲ ကလေးက ကောင်းမွန်တဲ့ အပြုအမူမျိုးလုပ်တဲ့အခါမှာ ကလေးကို အာရုံစိုက်ပေးပြီး ချီးကျူးတာမျိုးလုပ်ပေးတာမျိုးကို ပြောချင်တာပါ။
ကလေးတွေက ဖွံဖြိုးမူအဆင့်တွေမှာ ကြုံတွေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မူတွေရှိတာကြောင့် သူတိုက ကိုယ်မကြိုက်တဲ့အပြုအမူမျိုးလုပ်တာ၊ မကောင်းတဲ့အပြုအမူလုပ်တာမျိုး၊ အမှားပြုလုပ်တာမျိုး လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတတ်တယ်ဆိုတာ မိဘတွေက နားလည်ပေးရပါမယ်။
အရေးကြီးတာက မိဘတွေအနေနဲ့ ကိုယ်ကလေးရဲ့ အပြုအမူတိုင်းကို သေချာနားလည်အောင် လုပ်ဖို့ပါပဲ။ ဥပမာပြောရရင် ကလေးက ဂျီကျတယ်၊ ကိုယ်မကြိုက်တဲ့အပြုအမူကို ထပ်ခါတလဲလဲလုပ်ရင် သူဘာကြောင့်လုပ်လဲ why?ကို သိအောင်လုပ်ပါ။ ဂျီကျတယ်ဆိုတဲ့ အပြုအမူရဲနောက်ကွယ်က အကြောင်းအရင်းက သင်စီက အာရုံစိုက်မူ၊ မေတ္တာကို လိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။
Preschooler မူကြိုအရွယ် ( ၃နှစ်အရွယ်ကနေ ၅နှစ်အတွင်း)
မူကြိုအရွယ် ကလေးအများစုက ဘယ်အပြုအမူက လက်ခံလိုရတယ်၊ လုပ်သင့်တယ်၊ ဘယ်အပြုအမူက လက်ခံလိုမရဘူး၊ မလုပ်သင့်ဘူးဆိုတာ နားလည်စပြုလာပါပြီ။ ဒီအရွယ်မှာက မတူညီတဲ့အပြုအမူများကို စမ်းသပ်ပြုမူတတ်ကြပါတယ်။ သူတိုအပြုအမူရဲ့ အကျိုးဆက်(consequences)တွေကို သင်ယူဖို့အတွက် အချို့သော အပြုအမူတွေကို ထပ်ခါတလဲလဲ လုပ်တာမျိုးတွေလည်းရှိနိုင်ပါတယ်။
မိဘတွေအနေနဲ့ ကိုယ်ကလေးကို ပြုမူစေချင်တဲ့ အပြုအမူနဲပက်သက်ပြီး ရှင်းလင်းစွာ သေချာသိဖို့လိုအပ်ပါတယ်။ ပြီးရင် ကလေးလိုက်နာရမယ့် Rules စည်းမျဉ်းစည်းကမ်းကို ချမှတ်ပေးပြီး တိကျပြီး (Consistent) တသမတ်တည်း ဖြစ်တဲ့ အကျိုးဆက်(consequences)ကိုပါ ကလေးနားလည်အောင်ပြောပြပေးထားရပါမယ်။
အရေးကြီးတဲ့အချက်က Consistency ရှေနောက်ညီညွတ်ခြင်း ( တသမတ်တည်း) ဖြစ်ဖို့အရေးကြီးပါတယ်။ ကလေးက မကောင်းတဲ့ အပြုအမူလုပ်ရင် အကျိုးဆက်က တသမတ်ဖြစ်ဖို့လိုအပ်ပါတယ်။ ဥပမာ ကလေးက စာလုပ်ချိန်စာမလုပ်ရင် အကျိုးဆက်အနေနဲ ဂိမ်းမဆော့ရတာမျိုး ။ အကျိုးဆက်က တသမတ်တည်းမဟုတ်ဘဲ တခါတလေကြ စာလုပ်ချိန်စာမလုပ်ရင်တောင် ဂိမ်းမဆော့ခိုင်းတဲ့ အကျိုးဆက်မပေးဘူးဆိုရင် ကလေးအတွက် အပြုအမူသင်ယူဖို့ ခက်ပါလိမ့်မယ်။
School-age children ကျောင်းတတ်တဲ့အရွယ် ( ၅နှစ်အရွယ်နောက်ပိုင်း)
ကျောင်းတတ်တဲ့အရွယ်ကတော့ ဘယ်နေရာ ဘယ်လိုပြုမူရမယ် သေချာသိတယ်လို့ ပြောလိုရပါပြီ။ ဥပမာ ကျောင်းမှာဆို ဘယ်လို ပြုမူရမယ်၊ အိမ်မှာဆို ဘယ်လိုပြုမူရမယ်အစရှိသဖြင့်။ မိဘတွေအနေနဲ့ ကလေးရဲ့ ကောင်းတဲ့ အပြုအမူတွေကို rewardဆုပေးတာမျိုး၊ ချီးကျူးတာမျိုး လုပ်ဖို့လိုပြီး မလုပ်သင့်တဲ့အရာ၊ စည်းမျဉ်းစည်းကမ်းတွေကို သတိပေးဖို့လိုအပ်ပြီး အကျိုးသင့်အကြောင်းသင့် ကလေးနားလည်အောင် သေချာရှင်းပြဖို့လိုအပ်ပါတယ်။
19/01/2026
Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း ) ဆိုတာ ဘာလဲ???
Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း ) ဆိုတာ ကလေးကို ဘယ်လိုမျိုး ပြုမူနေထိုင်ရမယ်၊ ဘယ်လိုမျိုးတော့ မပြုမူရဘူး မလုပ်သင့်ဘူးဆိုတာ ကလေးနားလည်ပြီး လေ့လာသင်ယူနိုင်အောင် ကူညီပေးခြင်းဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ရှင်းပြရရင် ကလေးကို စည်းကမ်းရှိအောင်၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်အောင် သင်ပေးတာ ဖြစ်ပါတယ်။ သင့်နဲ သင့်ကလေးကြားမှာ ချစ်ခင်နွေးထွေးတဲ့ ဆက်ဆံရေးမျိုးရှိတယ်ဆိုရင် Discipline စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်းက ပိုပြီး ထိရောက် အသုံးဝင်ပါတယ်။
သင့်နဲ သင့်ကလေးကြားမှာဆက်ဆံရေးပိုကောင်းစေဖို့ အောက်က linkက contentကို ဖတ်နိုင်ပါတယ်။
https://web.facebook.com/guidingstarspecialeducationtrainingcenter/posts/113752906735075
Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း )ဆိုတာ ( အပြစ်ပေးခြင်း Punishment ) လုံးဝ မဟုတ်ပါဘူး။ Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း )လုပ်ခြင်းက အပြုသဘောဆောင်ပါတယ်။
Discipline လုပ်ခြင်းက စကားပြောဆွေးနွေးခြင်း၊ နားထောင်ခြင်းနှင့် ကလေးကို လမ်းညွန်ပြသမှု ပြုလုပ်ခြင်းအပေါ် အခြေခံထားပြီး
- အိမ်မှာဆို ဘယ်လို ပြုမူနေထိုင်ရမယ်၊ ကျောင်းမှာဆို ဘယ်လိုပြုမူရမယ်၊အစရှိသဖြင့် ကလေးကို ဘယ်လို အပြုအမူက လက်ခံလို့ရတယ်၊ ဘယ်လိုမျိုး အပြုအမူက မလုပ်သင့်ဘူးဆိုတာ သိနားလည်အောင်လုပ်ပေးတာဖြစ်ပါတယ်။
- ကလေးက သူတိုရဲ့ အပြုအမူကို Manage စီမံခန်ခွဲမှု ပိုပြီး လုပ်နိုင်လာပြီး ဘဝအတွက်လိုအပ်တဲ့ Skill စွမ်းရည်တွေဖြစ်တဲ့ အခြားလူတွေနဲ အဆင်ပြေအောင် ဘယ်လိုဆက်ဆံမလဲ ပြုမူနေထိုင်မလဲဆိုတဲ့ Skillကို တိုးတတ်အောင်လုပ်နိုင်လာပါလိမ့်မယ်။
- သူတိုရဲ့ ခံစားချက်တွေကို ဘယ်လိုနည်းနဲ express ဖော်ပြမှုလုပ်မလဲ၊ သူတို့ဘယ်လိုခံစားချက်မျိုးနေလဲဆိုတာသိနားလည်ပြီး ခံစားချက်တွေကို (manage ကိုင်တွယ်ဖြေရှင်းခြင်း )ဘယ်လိုလုပ်မလဲဆိုတာပါ သင်ယူနိုင်မှာဖြစ်ပါတယ်။
Discipline စည်းမျဉ်းစည်းကမ်းသတ်မှတ်တဲ့ နေရာမှာ right balance မှန်ကန်တဲ့ မျှတမှု ဖြစ်ဖို့ အရေးကြီးပါတယ်။ လုံလောက်တဲ့ Discipline( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း ) မျိုး မရှိခြင်းက ကလေးကို မလုံမခြုံဖြစ်စေတဲ့ insecure ခံစားချက်မျိုးဖြစ်စေပြီး မိဘအနေနဲ့လည်း သားသမီးကို ဆုံးမလို မရဘူးဆိုတဲ့ ခံစားချက်မျိုး ဖြစ်စေမှာပါ။
အကယ်၍ negative discipline အပြစ်ပေးဒဏ်ပေးတဲ့ စည်းမျဉ်းစည်းကမ်းမျိုးက များနေပြီး ကလေးကို ချီးကျူးပေးတာမျိုး၊ ဆုလာဒ်ပေးတာမျိုး လုံးဝမရှိခြင်းက ကလေးကို ကြောက်ရွံမှုတွေနှင့်ဆုံးမတာမျိူးဖြစ်နေပါတယ်။ ကလေးက မိဘစကားနားထောင်ကောင်း နားထောင်နိုင်ပေမဲ့ အကြောက်တရားနှင့် Discipline( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း ) လုပ်ခံရတဲ့အတွက် ရေရှည် ကလေးအရွယ်ရောက်လာတဲ့အခါမှာ (self esteem မိမိကိုယ်ကိုတန်ဖိုးထားမှု) ၊ Anxiety စိုးရိမ်စိတ်လွန်ကဲတဲ့ ပြသာနာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် ကလေးအပေါ် Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း ) လုပ်တဲ့နေရာမှာ သင်ရဲ့ Parenting styles( မိဘအုပ်ထိန်းမှုပုံစံ)၊ ကလေးရဲ့ ဖွံဖြိုးမှု အသက်အရွယ်၊ ကလေးရဲ့စိတ်ထား (childs temperament) အပေါ် မူတည်ပြီး Discipline လုပ်ရပါမယ်။ ဒီလောက်ဆိုရင် Discipline ( စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း )နှင့် ပက်သက်ပြီး နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။
Parentingနဲ ပက်သက်ပြီး လေ့လာချင်ပါက အောက်က linkမှာ ဖတ်ရှုနိုင်ပါတယ်။
https://web.facebook.com/guidingstarspecialeducationtrainingcenter/posts/131658884944477
11/01/2026
ရှက်ကြောက်တတ်တဲ့ ဆယ်ကျော်သက်ကလေးကို ကို့ကိုယ်ကို ယုံကြည်မှုရှိအောင် ဘယ်လိုကူညီနိုင်မလဲ??
ရှက်ကြောက်ရွံ့ခြင်းက မကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေမှာ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးခြင်း ( Low Confidence)ကြောင့် ရှက်ကြောက်ရွံ့ခြင်း (Shyness )ဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါက အခြားသူတွေနှင့် ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်စွမ်း ( Communication)၊ လုပ်ဆောင်မှု ( Activities) တွေမှာ ပါဝင်ဆောင်ရွက်မှု၊ လူသစ်များနှင့် တွေဆုံ မိတ်ဖွဲ့ခြင်း အစရှိသဖြင့် ဆယ်ကျော်သက်အရွယ်ကလေးရဲ့ စွမ်းရည်တွေကို နှောက်ယှက်မှု ဖြစ်စေနိုင်ပါတယ်။
တစ်ခု သတိပြုရမှာက Introversion ( အတွင်းစွဲခြင်း)နှင့် Shyness( ရှက်တတ်ခြင်း)က လုံးဝမတူညီပါဘူး။ လူအများစုက တူညီတယ်လို့ အသိမှားနေကြတာပါ။ Introversion များတဲ့သူတွေက လူမှုဆက်ဆံရေးဆိုင်ရာ အခြေအနေ) Social Situation တွေမှာ ပြောဆိုဆက်ဆံရမှာကို ရှက်ကြောက်ရွံနေတာ မဟုတ်ပါဘူး။ Extroversionမှာ မြင့်တဲ့လူတွေလို ( Social Stimulation)လူမှုဆက်ဆံရေးဆိုင်ရာ လှုံဆော်မှုကို မလိုအပ်တဲ့အပြင် ကိုယ်ဘာသာသီးသန် အချိန်ပေးတာကို ကြိုက်နှစ်သက်တဲ့အတွက် Social Situationတွေမှာ ပါဝင်မှု အားနည်းခြင်းဖြစ်ပါတယ်။
ဒါကြောင့် အေးဆေးနေတတ်တဲ့ ကလေးကို လူမှုဆက်ဆံရေးဆိုင်ရာပွဲတွေ၊ Partyတွေသွားဖို့ အတင်းမတိုက်တွန်းသင့်ပါဘူး။
Introversion အကြောင်းပိုနားလည်စေဖို့အတွက် အောက်ကLinkမှာ ဖတ်ပေးပါ ရှင့်။
မိဘတွေ သိထားရမယ့် (Extroversion)ဆိုတဲ့ အဓိကကိုယ်ရည်ကိုယ်သွေး အင်္ဂါရပ်တစ်ခု အကြောင်း ( အပိုင်း ၅ )
shorturl.at/delW8
မိဘတိုင်း သိထားရမယ့် ဆယ်ကျော်သက်ကလေးရဲ့ Self Esteem ( မိမိကိုယ်ကို တန်ဖိုးထားမှု) အကြောင်း
shorturl.at/dHSU1
ဘာကြောင့် ဆယ်ကျော်သက်အရွယ်ကလေး တချို့က ရှက်ကြောက်ရွံတတ်သလဲ???
အပေါ်မှာ ပြောခဲ့သလိုပဲ (Low Confidence) မိမိကိုယ်ကို ယုံကြည်မှု နည်းပါးခြင်းကြောင့်လည်း ရှက်ကြောက်ရွံ့ခြင်း (Shyness )ဖြစ်နိုင်သလို မှန်ကန်မှုမရှိတဲ့ ဖြေရှင်းခြင်းနည်း စွမ်းရည် ( unhealthy coping skill)ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ လူကြီးတွေအနေနဲ့ အခြားသူစိမ်းကို နူတ်ဆက်ရမှာ ရှက်ရွံတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သူတိုကိုသူတို တွန်းအားပေးပြီး လုပ်ဆောင်ရမယ့်အရာတွေကို လုပ်ဆောင်ကြပါတယ်။ ရှက်ကြောက်ရွံ့တတ်တဲ့ ဆယ်ကျော်သက်အရွယ် လူငယ်၊ကလေးတွေကတော့ ထိုဆက်ဆံရေးဆိုင်ရာပွဲတွေကို ရှောင်ဖယ်သွားတာ၊ နူတ်ဆက်ရမယ့်သူကို မနူတ်ဆက်ဘဲ ရှောင်ဖယ်တာမျိုး လုပ်ကြပါတယ်တဲ့။
ယေဘုယျလေ့လာချက်တွေအရတော့ အရွယ်ရောက်ပြီးသူတွေက ဆယ်ကျော်သက်အရွယ်လူငယ်၊ကလေးတွေထက် ပိုပြီး ရှက်ကြောက်ရွံ့တတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်ကျော်သက်အရွယ်မှာ သက်တူရွယ်တူ အပေါင်းအသင်း ( Peer) တွေနဲ အများဆုံးရှိနေကြလို့ပါတဲ့။ Peerနှင့် ပက်သက်ပြီး ပိုမိုနားလည်စေဖို့ အောက်က contentများကို ဖတ်ပေးပါ ရှင့်။
မိဘတိုင်း သိထားသင့်တဲ့ Peer Group အကြောင်း
https://m.facebook.com/story.php?story_fbid=546256677307086&id=100057682740040
Peer Pressure ဆိုတာဘာလဲ?? သင့်ကလေးက Peer Pressure ခံစားနေရသလား??
https://m.facebook.com/story.php?story_fbid=546806490585438&id=100057682740040
Peer Pressure ရဲ့ ( ကောင်းကျိုး၊ ဆိုးကျိုး) အကျိုးသက်ရောက်မှု နှင့် ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲ???
shorturl.at/cpUVZ
နောက်တစ်ချက်ကတော့ Genetics ( မျိုးရိုးဗီဇ)ပါ။ ရှက်ကြောက်ရွံ့ခြင်း (Shyness) ကို အတော်အသင့် ( သိုမဟုတ်) အပြင်းစား ခံစားရတဲ့ ဆယ်ကျော်သက်တွေကို လေ့လာကြည်တဲ့အခါမှာ Genetics ( မျိုးရိုးဗီဇ)ကလည်း အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိတဲ့ နေရာမှာ ပါဝင်ပါတယ်။ ရှက်ကြောက်ရွံ့မှု များတဲ့မိဘတွေရဲ့ ပျိုးထောင်ခြင်း ခံရတဲ့ ကလေးတွေကလည်း ရှက်ကြောက်ရွံ့ခြင်း (Shyness) ဖြစ်ဖို့ ပိုများပါတယ်။
ဘဝအတွေအကြုံ ( Life Experience)ကလည်း ရှက်ကြောက်ရွံ့ခြင်း (Shyness)ဖြစ်စေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ လူတွေကို ချဉ်းကပ်မိတ်ဖွဲ့ခြင်း၊ အသစ်တွေကို ရှာဖွေစမ်းသပ်ခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်းနှင့် ပက်သက်ပြီး ဆိုးဝါးတဲ့ အတွေ့အကြုံမျိုးရှိခဲ့တာ၊ မကောင်းတဲ့ အတွေ့အကြုံ ခံစားချက်မျိုး ရှိခဲ့တဲ့ ဆယ်ကျော်သက်အရွယ်ကလေး လူငယ်တွေက နောက်ပိုင်းမှာ ထိုအရာတွေနှင့် ပက်သက်ပြီး ရှက်ကြောက်ရွံလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ကာကွယ်လွန်းတဲ့ (Overprotective) မိဘတွေရဲ့ ပျိုးထောင်ပြုစုခြင်းခံရတဲ့ ကလေး၊ သူငယ်တွေကလည်း ရှက်ကြောက်ရွံ့ခြင်းကို ခံစားကြုံတွေရနိုင်ပါတယ်။
ရှက်ကြောက်တတ်တဲ့ ဆယ်ကျော်သက်ကလေးကို ကို့ကိုယ်ကို ယုံကြည်မှုရှိအောင် မိဘတွေ လုပ်ဆောင်ရမယ့် အချက် ၅ချက်
၁။ ထုတ်ဖော်ပြောဆိုခြင်း ( Speak up) လုပ်နိုင်ဖို့ အခွင်အရေးပေးပါ။
မိဘတွေအနေနဲ့ ကလေးကိုယ်စားလုပ်ပေးတာ၊ ပြောပေးတာမျိုး လုပ်တာကောင်းပေမဲ့ ကလေးကလည်း သူတိုကိုယ်သူတို့ ထုတ်ဖော်ပြောဆိုခြင်း ( Speak up)လုပ်ဖို့လည်းအရေးကြီးပါတယ်။ အသက်အရွယ်အလိုက် သူတို့ ထုတ်ဖော်ပြောဆိုတာမျိုးလုပ်နိုင်ဖို့ အခွင်အရေးပေးပါ။ ဥပမာ စားသောက်ဆိုင်သွားရင် သူတိုအတွက် ကိုယ်စားမှာပေးတာမျိုး မလုပ်ဘဲ၊ သူတိုဘာသာ သူတိုဘာစားမယ်ဆိုတာကို မှာခိုင်းတာမျိုး၊ တစ်မိသားစုလုံးကိုယ်စား ကလေးက မှာပေးတာမျိုး လုပ်ခွင်ပေးလိုက်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ်အားကိုယ်ကိုးနိုင်တယ်ဆိုတာ သိအောင်လုပ်ပေးတာဖြစ်ပါတယ်။
၂။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ရှာဖွေတွေ့ရှိအောင် ကူညီပေးပါ။
စွမ်းရည်အသစ်တွေလေ့လာဖို့၊ စွမ်းဆောင်ရည်အသစ်တွေကို ရှာဖွေတွေရှိဖို့အတွက် အားကစားမျိုးစုံကို စမ်းပြီး ကစားခိုင်းတာ၊ အဖွဲ့အစည်းအသစ်တွေကို ပါဝင်ခိုင်းတာမျိုး လုပ်ဖို့ တိုက်တွန်းပေးပါ။ စွမ်းဆောင်ရည်အသစ်တွေကို ရှာဖွေတွေရှိတဲ့အခါ၊ ကိုယ်ထူးချွန်တဲ့အရာတစ်ခုကို တွေရှိသွားတဲ့အခါမှာ မိမိကိုယ်ကိုယုံကြည်မှုကို တိုးတတ်စေပါတယ်။
၃။ လူသစ်တွေနှင့် တွေဆုံဖို့၊ လုပ်ဆောင်ချက်အသစ်တွေကို လုပ်ဆောင်ကြည်ဖို့ တိုက်တွန်းပါ။
ရှက်ကြောက်ရွံ့တတ်တဲ့ ဆယ်ကျော်သက်ကလေး/လူငယ်အတွက် လူသစ်တွေနှင့်တွေရတာ၊ လုပ်ဆောင်မှုအသစ်တွေ လုပ်ကြည်ရတာက ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုကြာလာတာနှင့် အမျှ သူတိုရဲ့ (Comfort level ) သက်တောင့်သက်သာရှိမှု အဆင့်က မြှင့်တတ်လာမှာပါ။
၄။ သူတို့ရဲ့ ကြိုးစားမှုတွေကို ချီးကျူးပေးပါ။
ရှက်ကြောက်ရွံတတ်တဲ့ ဆယ်ကျော်သက်ကလေးတွေက လူသစ်တွေနှင့်တွေရတာ၊ အခြေအနေအသစ်တွေ လုပ်ဆောင်ရတာ သူတိုအတွက် အရမ်းခက်ခဲပါတယ်။ ဒါကြောင့် သူတို့ဒါတွေ လုပ်တဲ့ အခါ ချီးကျူး အသိအမှတ်ပြုပေးပါ။ သူတို့လေးတွေ လူသစ်တွေနှင့်တွေခြင်း၊ လုပ်ဆောင်မှုအသစ်တွေ လုပ်တာ များလာလေလေ၊ သူတိုအတွက် ပိုလွယ်ကူလေဖြစ်လာမှာပါ။
၅။ ပညာရှင်ထံက အကြံဉာဏ်ရယူပါ။
အချို့အကြောင်းအရာတွေက သူလိုကိုယ်လို မိဘတွေအချင်းချင်းထံက အကြံဉာဏ်ယူတာမျိုးထက် ပညာရှင်ဆီက အကြံဉာဏ်ယူရပါမယ်။
ဘာဖြစ်လိုလည်းဆိုတော့ ကလေးတိုင်းက ထူးခြားပြီးမတူညီ ကွဲပြားကြပါတယ်။ သူ့ကလေးအတွက် နည်းလမ်းတစ်ခုက အလုပ်ဖြစ်တယ်ဆိုတိုင်း ကိုယ့်ကလေးအတွက် အလုပ်ဖြစ်မယ်ဆိုတာ မသေချာပါဘူး။ အချို့အခြေအနေတွေမှာ အန္တရယ်တောင်ရှိနိုင်ပါတယ်။
ကလေးစိတ်ပညာ ရှင်၊စိတ်ပညာရှင်၊ဆယ်ကျော်သက်ရွယ်များနှင့်ပတ်သတ်သော အကြံပေးပုဂ္ဂိုလ် စသဖြင့် စိတ်ပညာရှင် များထံမှ အကြံဥာဏ်ရယူသင့်ပါတယ်။
ချစ်ခြင်း မေတ္တာ၊ ဥာဏ်ပညာ ကသာမိဘတွေများအတွက်ကလေးပြုစုပျိုးထောင်ရာမှာအကောင်းဆုံးလမ်းပြမြေပုံပါ။
10/01/2026
သင့်ကလေးမှာ ဒေါသနှင့်ပတ်သတ်တဲ့ပြသာနာတွေမဖြစ်အောင် မိဘတွေပြုလုပ်ရမယ့်အချက် (၃) ချက်
သင့်ကလေးမှာ ဒေါသထွက်လွယ်ခြင်း၊ဒေါသကိုမထိန်းချုပ်နိုင်ခြင်းအစရှိတဲ့ပြသာနာမျိုးတွေရှိနေတယ်ဆိုရင်မိဘတွေအနေနဲ့ဘယ်လို့ကူညီနိုင်မလဲဆိုတဲ့အကြောင်းအရာလေးမျှဝေပေးလိုက်ပါတယ်။
၁။ သင့်ကိုယ်တိုင်စတင်ပြောင်းလဲလိုက်ပါ
သင်ကမိဘတစ်ယောက်ဆိုရင် ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည်ပါ။ သင်ကိုယ်တိုင်က ဒေါသထွက်တိုင်း အော်ဟစ်ပြောဆိုတတ်တဲ့မိဘလားဆိုတာ???
မိဘတွေအနေနဲ့သိထားရမှာက သင်လုပ်တဲ့အပြုအမူတွေကို ကလေးကသင်ယူနေတယ်ဆိုတာပါပဲ။ သင့်ကလေးကဒေါသထွက်လွယ်တဲ့အပြုအမှုရှိတာ သင်ကဒေါသထွက်လွယ်တဲ့မိဘမို့လို့ဆိုရင် ကလေးကိုအပြစ်ဆိုဖွယ်မရှိပါဘူး။ ဒါကြောင့်သင်ကိုယ်တိုင်ပဲစတင်ပြောင်းလဲလိုက်ပါ။ ကလေးကစိတ်တိုဒေါသထွက်လွယ်နေတဲ့အပြုအမူအပေါ် သင်ကအေးဆေးတည်တည်ငြိမ်ငြိမ်ပဲစတင်တုံပြန်လိုက်ပါ။
ထိုသို့လုပ်ခြင်းအားဖြင့်ကလေးရဲ့(neural response) ဦးနှောက်ရဲ့အလိုအလျောက်တုံပြန်တဲ့အာရုံကြောစနစ် (fight or Flight)modeကို ပိတ်သွားစေပြီး ယုတ္တိကျကျတွေးခေါ်တဲ့frontal cortexကို
ပွင့်သွားစေကာ သူအပြုအမူမှားကြောင်းကိုသေချာစဉ်းစားနိုင်စွမ်းရှိသွားပါလိမ့်မယ်။ထိုအချိန်မှာကလေးကို သူအပြုအမူမှားကြောင်းဆုံးမပါက ပိုပြီးသင်ယူနိုင်ပါလိမ့်မယ်။
၂။သင့်အနေဖြင့် ခံစားချက်တွေအားလုံးဖြစ်ခွင့်ရှိတယ်၊ခံစားခွင့်ရှိတယ်ဆိုတာ သိထားပေးပါ ။
သင့်ကလေးဘယ်လောက်တောင်စိတ်တိုဒေါသထွက်နေလဲ၊ဘာကြောင့်ဒေါသထွက်နေလည်းဆိုတာ သင်နားလည်ကြောင်းပြသပေးပါ။ ကလေးဒေါသထွက်ပြီဆိုရင် မိဘတစ်ယောက်အနေနဲ့အကောင်းဆုံးလုပ်ပေးသင့်တာက သေချာနားထောင်ပေးဖို့နှင့် သူတို့ဒေါသထွက်နေတယ်ဆိုတာကို အသိအမှတ်ပြုပေးဖို့ပါ။ အဲလိုပြောလို့သူတို့ဒေါသထွက်ရတဲ့အကြောင်းရင်းကို လက်ခံခိုင်းတာမဟုတ်ပါဘူး။ သူတို့ဒေါသထွက်နေတဲ့ခံစားချက်ကို သူတို့ကိုအပြည့်အဝခံစားစေတာပါ၊ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးကို ဒေါသမထွက်ရဘူးလို့
အမိန့်ပေးနိုင်ပါတယ်၊ဒါပေမဲ့အဲဒီလိုလုပ်ရင်သင့်ကလေးက သူရဲ့စိတ်ခံစားချက်တွေကိုမျိုသိပ်ထားရတော့မှာပါ။အဲဒီလိုလုပ်ပါများရင်ကလေးရဲ့စိတ်ကျန်းမာရေး၊စိတ်ခံစားချက်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး။ ဒါကြောင့်မိဘတွေလက်ခံသိထားသင့်တာက ခံစားချက်တွေအားလုံးဖြစ်ခွင့်ရှိတယ်၊ခံစားခွင့်ရှိတယ်ဆိုတာပါ။
၃။ သင့်ကလေးကို ဒေါသကိုအပြုသဘောနည်း(constructive ways)နဲ့ဘယ်လိုထွက်မလဲဆိုတာ သင်ပြပေးပါ ။
သင့်ကလေးကို သူတို့ဒေါသထွက်ရင်ပေါက်ကွဲမယ့်အစား ဒေါသကို အပြုသဘောနည်းနဲ့ဘယ်လိုထွက်မလဲဆိုတာစာရင်းလုပ်ခိုင်းပါ။ ဥပမာအနေနဲ့အပြုသဘောနည်းနဲ့ဒေါသကိုအသွင်ပြောင်းနည်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁။ ဒေါသထွက်ရင် နှာခေါင်းနှင့်အသက်ပြင်းပြင်းရူပြီးပါးစပ်နဲ့အသက်ရူထုတ်လုပ်တဲ့အသက်ရူလေ့ကျင်ခန်းလုပ်ခိုင်းတာမျိုး၊
၂။ သီချင်းဖွင့်ပြီး angry dance ကခိုင်းတာမျိုး ( သင့်ကလေးဒီအကကနေတာကိုကြည်ပြီး သင်သေချာပေါက်ရယ်မိမှာပါ)
၃။ သီချင်းတွေအကျယ်ကြီး အော်ဆိုစေတာမျိုး၊
၄။ ကိုယ်ကာယလေ့ကျင်ခန်းတစ်ခုခုလုပ်စေတာမျိုး၊
၄။ ပုံဆွဲ၊စာရေးစေတာမျိုး
၅။ အသက်ပြင်းပြင်းရူပြီး ၁ကနေ ၁၀အထိရေတွက်ခိုင်းတာ
၆။ ၅မိနစ်လောက်စိတ်ပြေလက်ပျောက်လမ်းထွက်လျောက်ခိုင်းပါ။
၇။ ရေသောက်ခိုင်းပါ၊ အစရှိတဲ့နည်းလမ်းတို့ဖြစ်ပါတယ်။
ဒေါသသို့မဟုတ်စိတ်ကိုမထိန်းသိမ်းနိုင်ရခြင်းများသည် ကလေးများ အတွက်အကြောင်းပြချက်အမျိုးမျိုး၊ဖြစ်ရခြင်းအမျိုးမျိုးရှိနိုင်ပါသည်။ မိဘအုပ်ထိန်းသူ များက စတင်၍ အပြုအမူ အလေ့အထကောင်းစံနမူနာပြနေထိုင်ပြတတ်ဘို့ရာလိုအပ်သလို၊မိမိ၏ ရင်သွေးများဘာအကြောင်းကြောင့်ယခုလိုဖြစ်နေသနည်းဆိုတာကိုသိရှိဘို့ရာလိုအပ်ပါသည်။
အထက်ဖော်ပြပါနည်းများကို အပြုအမူကောင်းတစ်ခုအနေဖြင့် ကလေး၏ အခြေအနေ ပေါ်မူတည်၍ လေ့ကျင့် ပေးပါက ကလေးကိုယ်တိုင် သူ၏ဒေါသစိတ်ကိုထိန်းသိမ်းလာနိုင်ပြီး သင့်တော်တဲ့ နည်းလမ်းဖြင့်ဖော်ပြတတ်လာပါလိမ့်မည်။
အလေ့အကျင့်ကောင်းဆိုတာ အတုယူခြင်း
မိမိကိုယ်တိုင် လေ့ကျင့် ခြင်း စသည်တို့မှ
ဖွံ့ဖြိုးမှု ရရှိလာသည့်အရာဖြစ်ပါတယ်။
မိဘတွေအနေနဲ့ ကလေးတွေကိုထိန်းကျောင်းရာမှာအခက်အခဲ့တစ်စုံတစ်ရာရှိတာပဲဖြစ်ဖြစ်၊ ကလေးပြုစုပျိုးထောင်ခြင်း(Parenting)နှင့်ပက်သက်ပြီးသိချင်တာတစ်ခုခုရှိရင်ဖြစ်ဖြစ်၊ကလေးရဲ့ဘက်စုံဖွံဖြိုးမှုနှင့်ပက်သက်ပြီးဆွေးနွေးချင်တာတစ်ခုခုရှိရင် Pageရဲ့Messager
ကနေတဆင့် ကျွန်မနှင့် appoitment ယူ၍ တွေ့ဆုံ ဆွေးနွေးနိုင်ပါတယ် ။
မိဘများ၏ချစ်ခြင်း မေတ္တာ နှင့် ဥာဏ်ပညာ ကသာ
ကလေးပြုစုပျိုးထောင်မှု အတွက် ပြည့်စုံ ကောင်းမွန် သော လမ်းပြမြေပုံ ဖြစ်တယ်ဆိုတာကို သတိရှိဘို့ရာ အကြံပြု ပါရစေရှင် 🥰
တီချယ် ဆွေဆွေ
မေမေ့ကမ္ဘာထဲက.....ရှင်သန်လာသော သစ်ပင်လေး
အမေဆိုတာ ကလေးတွေအားလုံးအတွက် ကမ္ဘာကြီးတစ်ခုပါ။ ကလေးတစ်ယောက်အတွက်အမေရဲ့မေတ္တာဆိုတာ ကမ္ဘာကြီးတစ်ခုလိုကျယ်ဝန်းပါတယ်။
မေမေ မေတ္တာ ကမ္ဘာကြီးကို ဖြတ်သန်းခဲ့ရတဲ့ သမီးတို့သားတို့အတွက် ပျော်ရွှင်ခြင်း၊ရိုးသားခြင်း၊ကြိုစားခြင်း၊မေတ္တာတရားကို ဖြန့်ဝေတတ်ခြင်းနှင့်လက်ခံတတ်ခြင်း၊
ယဥ်ကျေးပျုငှာသော အသိစိတ်နှလုံးသားနှင့် ကျေးဇူး တင်တတ်ခြင်း အကောင်းမြင် စိတ်ထားရှိနိုင်ခြင်း တို့အပြင် သည်းခံတတ်ခြင်း နှင့် ရဲရင့််ခိုင်မာသော သတ္တိထားတတ်ခြင်းဆိုသော....စိတ်စွမ်းအားများနှင့် ကြင်နာတတ်ခြင်း နှလုံးသား တို့ကို မေမေ့ထံမှ
သင်ယူလေ့လာခဲ့ပြီး....လောကရဲ့ လမ်းများ ထက်မှာ ကောင်းစွာ လျှောက် လှမ်းသွားနိုင်ပါတော့မည်။
မေမေ
မေမေဟာ.....သားတို့သမီးတို့အတွက်
အလှပဆုံးသောကမ္ဘာမြေတစ်ခုဖြစ်သလို
အကောင်းဆုံး လက်ဆောင် များကိုသာ....ပေးအပ်သော ကမ္ဘာ မြေ တစ်ခုဖြစ်ပါတယ်။
မေမေ
မေမေကို......ချစ်တယ် ။
ကျေးဇူးအများကြီးတင်ပါတယ်... မေမေ။
ချစ်သော မေမေနှင့် ကမ္ဘာမြေ မှမိခင်များအားလုံးအတွက်🙏
30/12/2025
ဘာကြောင့် ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်ကောင်းလေးကို ကျင့်သုံးသင့်သည်ဟု
သင်ထင်ပါသလည်း။
သင့်မှာ ကျေးဇူး တင်တတ်သော အလေ့အထအမူအကျင့် စွဲစွဲမြဲမြဲရှိပါသလားရှင်။
အကယ်၍ များ သင်ဟာ မိဘတဦးဖြစ်နေခဲ့တယ်ဆိုပါစို့။
မိဘတစ်ယောက်အနေဖြင့် ကိုယ်ရင်သွေးလေးတွေကို ပြုစုစောက်ရှောက်ရတာ တကယ်တော့ လွယ်ကူတဲ့ အရာမဟုတ်ပါ။
အိပ်ရေးပျက်တဲ့ညပေါင်းများစွာ၊ပင်ပန်းတဲ့နေ့ရက်များစွာရှိတာကို နားလည်ပါတယ်။
ဒါပေမဲ့သင်သေသေချာချာ စဥ်းစားကြည့်လိုက်ပါ။
😊🥰
သင့်ကလေးရဲ့ချစ်စရာအပြုံးလေးကြောင့်သင် အမောပြေခဲ့ရတာတွေ၊ကိုယ်မှာ
ကိုယ်ချစ်ရတဲ့မိသားစုတစ်စုရှိတယ်ဆိုတာနှင့် အခြားသောသင့်မှာရှိတဲ့ သင်တန်ဘိုးထားနှစ်သက်ရသော လူ၊ဝါသနာ၊အလုပ်သက်ရှိသက်မဲ့စသည့်အရာတွေကို
ကျေးဇူးတင်ပေးပါ။
အနည်းဆုံးအသက်ရှင်နေသေးတာကိုကျေးဇူးတင်ပါ။
ကျန်းမာ ခြင်းကို ကျေးဇူး တင်ပါ။
ဘာကြောင့်ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်လုပ်သင့်လဲဆိုတာဆွေးနွေးပေးပါမယ်။😊
ကျေးဇူးတင်တတ်တဲ့လူတွေက ပိုကျန်းမာပြီးပျော်ရွှင်တဲ့လူတွေဖြစ်ကြတယ်။ 😮😊
အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းအေးခြင်း ကြောင့် ရုပ်ခန္ဓာရောစိတ်ပါ ဖိဆီးမှု ကင်းဝေးပြီး စိတ်ကျန်းမာ ကိုယ်ကျန်းမာ ခြင်းကို ပိုင်ဆိုင် ပါတယ်။
သုတေသနရလဒ်တွေအရ ကျေးဇူးတင်တတ်တဲ့လူ၊ ကိုယ်မှာရှိတဲ့အရာတွေအပေါ်မှာ တန်ဖိုးထားကျေးဇူးတင်တတ်တဲ့လူတွေက အခြားလူတွေထက် ပိုကျန်းမာပျော်ရွှင်ပြီးအကောင်းမြင်စိတ်ပိုများတာတွေ့ရပါတယ်။ပြီးတော့ ဘဝရဲ့စိန်ခေါ်မှုတွေ၊အခက်အခဲတွေနှင့်ပက်သက်တဲ့စိတ်ဖိစီးမူတွေကို ဖြေရှင်းနိုင်စွမ်းပိုကောင်းတာတွေ့ရပါတယ်။
ကျေးဇူးတင်တတ်တဲ့လူတွေက သူတို့ရဲ့ဘဝ၊ အလုပ်အကိုင်၊အခြားသူများနှင့်ဆက်ဆံရေးတို့မှာအခြားလူများထက် ကျေနပ်မူ(satisfication)ပိုများတာတွေရပါတယ်။ ကျေးဇူးတင်တတ်ခြင်း၊ကျေးဇူးသိတက်ခြင်းက ကလေးတွေအတွက်လည်းရှိသင့်တဲ့ အလေ့အကျင်ကောင်းတစ်ခုဖြစ်ပါတယ်။
မိဘများကတဆင့် ဘဝနေမှု နေနည်း များကို ကလေးတွေ က ကြည့်မြင်ပြီး ခံစားသင်ယူကြတာပါ။
ဒါကြောင့်မို့.... ယနေ့ကစ၍ဖြစ်ဖြစ်သင်ကိုယ်တိုင်က အစပြုကာ ကိုယ်ဘဝရဲ့ ကံကောင်း နေခြင်းများထဲက တစ်ခုသို့မဟုတ်တစ်ခုထက်ပိုတဲ့အရာကို ကျေးဇူး တင်တတ်ခြင်း ဖြင့် ပျော်ရွှင် ချမ်းမြေ့ ခြင်းကို ရယူလိုက်ပါ။
ပြီးတော့ ထိုပျော်ရွှင်ချမ်းမြေ့မှုများကို သင်မိသားစု၊သင့်ရင်သွေးနှင့်.သင့်မိဘဆရာလုပ်ဖော်ကိုင်ဘက် မိတ်ဆွေများ ကိုမှုဝေကြည့်လိုက်ပါ။
သင်စိတ်ပင်ပန်းတဲ့အခါ သင့်မှာ ရှိနေတဲ့
ကောင်းတဲ့အရာတွေကို နံပါတ်
စဥ်တပ်၍ဖြစ်ဖြစ်ချရေးကြည့်လိုက်ပါ။
အကျိုးထူးတာကိုတွေ့ရပါလိမ့်မည်။
ကျွန်မနည်းလမ်းလေးဝေမျှကြည့်ချင်ပါတယ်။
ကျွန်မနေ့တိုင်း ပြောလေ့ရှိပါတယ် ။
ခုလိုပြုစုပျိုးထောင်းပေးခဲ့လို့
ချစ်ပေးခဲ့လို့ ကျေးဇူး တင်ပါတယ် ။
ခုထိ အသက်ရှင် နေသေးလို့ကျေးဇူးတင်ပါတယ်။
ခုထိ အသိပညာ၊အတတ်ပညာတွေသင်ယူဝေမျှနေရလို့ကျေးဇူးတင်ပါတယ်။
ခုထိ ကြိုးစား နေထိုင်နိုင်သူ ဖြစ်လို့ကျေးဇူးတင်ပါတယ်။
အခုလို ကောင်းစွာ အသက်မွေးမှု ပြုရလို့ကျေးဇူးတင်ပါတယ်။
အခုလိုကောင်းစွာ စကားဆို တတ်လိုကျေးဇူးတင်ပါတယ်။
စသဖြင့် စသဖြင့် ပေါ့ရှင်။ 🥰😊
ကဲ စာရှုသူ တို့ရော ပြုလုပ်ကြည့်ဘို့ရာ မေတ္တာ ဖြင့်တိုက်တွန်းပါရစေလားရှင်။
နောက်လာမယ့်contentတွေမှာ မိဘတွေအတွက်အကျိုးရှိစေမယ့်အကြောင်းအရာများကို မျှဝေပေးသွားမှာဖြစ်လို့ see firstလုပ်ထားဖို့ requestလုပ်ပါတယ်။ သင့်သူငယ်ချင်းမိတ်ဆွေများအတွက်လည်းမျှဝေပေးကြပါ။
ချစ်ခြင်း မေတ္တာ နှင့် ဥာဏ်ပညာ ကသာ
ဘဝခရီး အတွက် အကောင်းဆုံး လက်ဆောင်မွန် အဖော်မွန်ပါ။
ကျေးဇူး အများကြီး တင်ပါတယ်ရှင် 🥰
တီချယ် ဆွေဆွေ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
No-8, Thar La Waddy Street, Mayangone
Yangon
96.142260
Opening Hours
| Monday | 10:00 - 16:00 |
| Tuesday | 10:00 - 16:00 |
| Wednesday | 10:00 - 16:00 |
| Thursday | 10:00 - 16:00 |
| Friday | 10:00 - 16:00 |
| Saturday | 10:00 - 16:00 |