06/11/2026
2026 Summer
☀️အပူချိန်ကတော့ Summer ဆိုတော့ မနက်နဲ့ ညဘက်တွေမှာ ၁၅-၂၀°C လောက်ရှိပြီး နေ့ခင်းဘက် ၂၀-၂၈ °C လောက်ရှိပါတယ်။ အိုက်စပ်စပ်နဲ့။
အင်္ဂလိပ်စာ သင်တန်းမှာ ဆရာက နွေရာသီ ကျောင်းပိတ်ရက် ကလေးတွေနဲ့ ဘာတွေလုပ်မလဲလို့ မေးတော့ ဒီအကြောင်းလေး ချရေးဖြစ်ခဲ့တယ်ပေါ့။
👩🎓ဒီအချိန် High School G-12 ပြီးတဲ့ ကျောင်းသားတွေလည်း Graduation အချိန်ဖြစ်လို့ ပျော်နေကြပြီ။ G-11 ပြီးကတည်းက တက္ကသိုလ် ဝင်ခွင့်ရဖို့ လျှောက်ထားပြီးပြီမို့ အခုအချိန်မှာတော့ 2026, Fallမှာ တက္ကသိုလ်တက်ဖို့ အားလုံး အဆင်သင့် ဖြစ်နေကြပါပြီ။ ကလေးတွေအတွက်တော့ ကိုယ်လိုချင်တဲ့ ဘဝကို ပုံဖော်နိုင်အတွက် စတင် ထုဆစ်ဖို့ ခြေလှမ်းစလှမ်းဖို့ အချိန်ရောက်လာတာပါ။
ပုံမှန်ကတော့ Vacation ကာလတွေပေါ့။ Uni မှာတော့ တိတ်ဆိတ်လို့၊ Summer course ယူထားတဲ့ ကျောင်းသားတချို့၊ Master နဲ့ Ph.D ကျောင်းသားတွေလောက်ပဲ ရှိတော့တယ်။ ဆရာတွေကလည်း vacation သွားကြပြီ။ April လောက်ကတည်းက အချင်းချင်းတွေ့ရင် နွေရာသီမှာ ဘာလုပ်ဖို့ စီစဉ်ထားလဲ မေးကြပြီ။ Summer နဲ့ New year ကျောင်းပိတ်ရက် ရက် ရှည်တွေမှာ တပါတ်ကနေ ၃ ပတ်လောက်အထိ vacation ယူကြတာ ပုံမှန်ပါပဲ။ Europe ဘက်သွားကြတာများပါတယ်။ US က မိသားစုတွေဆီ လည်ပတ်တဲ့ သူတွေလည်းရှိပါတယ်။ ကိုယ့်အတွက်တော့ အမေတို့ Pittsburgh လာလည်တော့ ကိုယ်သွားစရာမလိုတော့ဘူးပေါ့။
ပန်းခြံအနားနေတော့ နွေရာသီရဲ့ မြင်ကွင်းတွေ လှုပ်ရှားမှုတွေ စတင်အသက်ဝင်လာတာ သတိထားမိလာပါတယ်။ ညနေကျောင်းကနေ အိမ်ပြန်လာတဲ့အချိန်ဆိုရင် တစ်အိမ်ကျော်က Philipတို့ ဇနီးမောင်နှံ Dinner အပြင်ထွက်စားတာတွေ့နေရပြီ။ ကစားကွင်းဘက်ဆီက ကလေးလေးတွေရဲ့ အော်သံ စူးစူးလေးတွေ၊အော်ခေါ်သံ၊ ရယ်မောသံတွေ။ ရေကူးကန်က Summer မှ ဖွင့်ရတာဖြစ်လို့ ရေကူးကန်ဘက်ဆီမှ လှုပ်လှုပ်ရှားရှား ပုံရိပ်တွေ မြင်တွေ့ရပြီ။ ဒီရပ်ကွက်ထဲ နေသူတွေအတွက်က ဝင်ကြေး discount ရပါတယ်။ Summerတစ်ခုလုံးစာ အတွက် $80။ Family discount လည်းပေးပါသေးတယ်။ အပြင်လူဆို ဝင်ကြေးက တခါ ရေကူးရင် $15။
ည၈နာရီလောက်မှ နေဝင်တော့ မိုးချုပ်တယ် မထင်ရ။ ပုံမှန် ည၁၀:၃၀အိပ်နေကျ။ အခုတော့ ည၁၂ လောက်မှ အိပ်ဖြစ်တော့တယ်။
Crafton Park activities
🚴♂️🏃♀️➡️😝မေလရဲ့ နောက်ဆုံးအပါတ်မှာ ပန်းခြံမှာ ကျင်းပမည့် ပွဲအစီအစဉ်တွေ အိမ်ကို စာပို့ထားပါတယ်။ နှစ်စဉ် လွတ်လပ်ရေးနေ့ July 4th မှာ မနက်ပိုင်း ၈နာရီမှာ မာရသွန်ပြေးပွဲ ရှိပြီး ည၉နာရီမှာ အလှ မီးပန်းဖောက်ကြပါတယ်။ ဘုရားပွဲလိုပဲ အရမ်းစည်ကားပါတယ်။
July လက စပြီး Aug လလယ်အထိ အပတ်စဉ် ကြာသာပတေးနေ့ ည ၇နာရီတိုင်း တေးဂီတ ဖျော်ဖြေပွဲတွေ ရှိပါတယ်။ ဒီနှစ်တော့ စနေနေ့ မနက်၁၀နာရီတိုင်း Yoga 🧘♀️အစီအစဉ် အသစ်တစ်ခု ထပ်ထည့်ထားပါတယ်။ စနေ တနင်္ဂနွေ မှာ ပန်းခြံထဲ party ပွဲတွေ လာလုပ်ကြလို့ အဲလိုနေ့တွေဆို Barbecue အနံ့တွေရပါတယ်။
🛤️🏕️⛱️ဒီနွေမှာ ရာသီဥတု သာယာတော့ ကိုယ့်မဟေသီမိသားစုတွေနဲ့ Camp သွားဖို့စီစဉ်ထားပါတယ်။ Ohio Pyle နဲ့ Cook Forest။
🙏🧘♀️ဓမ္မဂုဏ်ရည် ဘုန်းကြီးကျောင်းမှာတော့ နွေရာသီအတွက် ယဉ်ကျေးလိမ္မာသင်တန်း ၁၀ရက်လုပ်ဖို့ ယာထားပါတယ်။ အပါတ်စဉ် စနေနေ့တိုင်း ၂-၄နာရီ ဦးဇင်းက ဩကာသကန်တော့ချိုးနဲ့ ၅ပါးသီလအကြောင်း နှင့် အမေရိကန် ဆရာမကတော့ Meditation သင်ပြပေးမှာပါ။
🌶️🫛🥬🥕မြန်မာအိမ်တိုင်းလိုလို အပင်တွေ စိုက်ကြပျိုးကြပြီ။ နောက်တလလောက်ကျရင် “ငါ့ဗူးသီးက နင့်ဗူးသီးထက် ပို ကြီးတယ်”တို့ ဘာတို့ ကြားရတော့မယ်။ အသီးအရွက်တွေ အစုံ စားရတော့မယ်။
ကိုယ်ကအဖေတို့ ဖလော်ရီဒါက ယူလာတဲ့ပျိုးပင်နှင့် မျိုးစေ့တွေ လက်ဆောင်ပေးဖြစ်တယ်။ အသီးတွေ အရွက်တွေရတော့ ကိုယ့်ကို လက်ဆောင်ပြန်ပေးကြတယ်။ ကိုယ့်အတွက်တော့ ဟုတ်နေရော။
မနှစ်က အိမ်အနောက်ဘက်မှာ အပင်တွေစိုက်မဟဲ့ ဆိုပြီး တောင်ကုန်းကို မြေကြီးတွေညှိ၊ စဉ်တွေ ဘာတွေထိုးပြီး၊ ပဲညွန့်၊ ဘူးသီး၊ ဂေါ်ရခါး၊ သခွါးစိုက်ဖြစ်တယ်။ အပင်က ထွက်မယ်မကြံသေး ရှဉ့်တွေ လာကိုက်သွား။ ဒါနဲ့ ရှဉ့်မဝင်အောင် အပင်ခြုံကြားတွေကို လိုက်ပိတ်တယ်။ အမယ် သမင်တွေက လွှားကနဲ၊ လွှားကနဲ ခုံဝင်လာပြီး ရွက်နုတွေ ဝင်စားသွားပြန်။ ဒါနဲ့ အပင်တွေကို အိမ်အနားကပ်ပြီးထားလိုက်တယ်။ အပင်တွေခမျာ တိုက်တွေရဲ့ အရိပ်၊ သစ်ပင်တွေရဲ့ အရိပ်ကြောင့် နေရောင်က မရတော့ အပင်အမြင့်က တတောင်လောက်ကနေ အပေါ်မတက်နိုင်ကြတော့။ ခရမ်းချဉ်သီးက ၆လုံး၊ ငရုပ်က ၁၅တောင့်၊ ပဲသီးက ၁၀တောင့်လောက်နဲ့ အပင်စိုက်ခြင်း စခမ်းသိမ်းသွားတော့တယ်။ ဒီနှစ်တော့ အိမ်ရှေ့မှာပဲ ငရုပ်သီးနဲ့ ခရမ်းချဉ်ပင်ပဲ စိုက်ထားဖြစ်တော့တယ်။
အိမ်က ဖန်းခါးသီးလေးတွေနဲ့ နပန်းလုံးရတဲ့ကာလလို့လည်း ပြောလို့ရသေးတယ်။ ကျောင်းတွေပိတ်တော့ မျက်စိနောက်ရပြီ။ ကလေးတွေပြောစကားနားထောင်ရင် ပျော်လိုက်၊ နားမထောင်ရင် စိတ်တိုလိုက်။ ကလေးတွေကို စိတ်တိုရင် ယောက်ဖောဘက်လှည့် ပြဿနာရှာလိုက် ဒီလိုနဲ့ပဲ နွေရာသီကုန်ဆုံးပါမည့်အကြောင်း….
ကျေးဇူးတင်ပါတယ်ရှင့်….
05/28/2026
...ရောက်တတ်ရာရာ...
ဒီနှစ် သင်္ကြန်မှာ ကိုယ့်နိုင်ငံသားတွေ ပျော်နေတာ မြင်တော့ အရမ်းကို ပျော်မိပါတယ်။မြန်မာပြည်သူတွေရဲ့ မငြိမ်းချမ်းရမှု၊ မလုံခြုံရမှု၊ မွန်းကျပ်နေရမှုတွေအတွက် ထွက်ပေါက် တစ်ခုလေအလား။ မီးကုန် ယမ်းကုန် ပျော်ကြတာ။
ကျွန်မတို့ ပြည်သူတွေ ဘယ်လောက်တောင်ချစ်စရာကောင်းသလဲ ဆိုလို့ရှိရင်…ဆိုပြီး အစချီပြီးပြောတတ်တဲ့ ကျွန်မတို့ ချစ်ရတဲ့ တန်ဖိုးထားရတဲ့’သူမ’ဆိုရင်လည်း ဒီမြင်ကွင်းကို မြင်ရရင် အရမ်းပျော်မိမှာပါ။ တာဝန်ကျေရမည့်နေရာမှာလည်း တာဝန်ကျေခဲ့ကြပြီးပြီပဲလေ။
အပျော်တွေ ပေါက်ကွဲ ပွင့်ထွက်လာကြသလား ထင်ရလောက်အောင် ပျော်ကြတာ။ ကိုယ်လည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြည်နူးမိတယ်။
“ဓါတ်ဆီဈေးတက်လို့ သင်္ကြန်မှာ လမ်းလျှောက်ပတ်ကြမယ်”တဲ့။ ကန်တော်ကြီးဘက် တစ်ရက်။ မြို့ထဲတစ်ရက် တဲ့။ အဆင်ပြေရင် အင်းလျားတစ်ရက်တဲ့။
ပျော်ချင်လိုက်တာ။
-------------------------------------------
Korea BTS အဖွဲ့ စစ်မှုထမ်းအပြီး ပထမဆုံး ခရီးစဉ်။ 2026 ARIRANG World Tour။
မှန်းထားတာက ခရီးစဉ် အစအဆုံး စုစုပေါင်း ဝင်ငွေ (Total gross income) 1ဘီလီယမ် ကနေ 1.87 ဘီလီယမ် တဲ့။
BTS ရဲ့ 2026 ARIRANG World Tour က April မှာစတင်ပြီး Octoberမှာ ပြီးမှာပါ။ အမေရိက ခရီးစဉ်ကို ဖလော်ရေဒါ ကနေ အစ’ ဖွင့်ခဲ့တာ။ Tampa မြို့ Raymond James Stadium မှာ (April 25 to 28) ၃ရက် ဖျော်ဖြေခဲ့ပါတယ်။ စုစုပေါင်း လက်မှတ်အစောင်ရေ 202,300 ရောင်းရပြီး တက်ရောက် အားပေးခဲ့တဲ့ ပရိတ်သတ် ဦးရေ 194, 000 ရှိပါတယ်။ ဝင်ငွေ $40.7မီလီယမ် နဲ့ 2026 (ခုချိန်ထိ)မှာ ဝင်ငွေ အများဆုံး ရခဲ့တဲ့ show တစ်ခုဖြစ်ခဲ့ပါတယ်။ အခုချိန်ထိ ဖျော်ဖြေခဲ့တာ ၈ ပွဲမှာ လက်မှတ်အစောင်ရေ 417,000 ရောင်းချရပြီး ဝင်ငွေ $76.2 မီလီယမ် ရှိနေပါပြီ။ အောင်မြင်မှုက အံ့မခန်း။
အမက သူ့သားလေးနဲ့ ဖလော်ရေဒါ BTS Show ပွဲသွားခဲ့တာ။ ကိုးရီးယားတွေရဲ့ စစ်မှုမထမ်း မနေရ စနစ်ကြောင့်လား မသိ လူအရမ်းများပေမယ့် ပွဲစဉ်အစအဆုံး နေရာတိုင်း စည်းကမ်းတကျ လုပ်ဆောင်နိုင်တာကို ချီးကျူးနေလေရဲ့။
CONGRATULATIONS BTS!!
-------------------------------
2019ခုနှစ်လောက် Australia မှာ ကျောင်းတက်စဥ်အခါက မြန်မာနိုင်ငံက ကောင်းတဲ့ ဘက်ကို ပြောင်းလဲလာနေပြီ။ Singapore က သူငယ်ချင်းတွေတောင် မြန်မာပြည် ပြန်ရောက်နေပြီ။ ကျွန်မလည်း သတ္တိနည်းနည်းရှိလာတယ် ခေါ်မလား။ Australia မှာ ၂နှစ်နေပြီးသကာလ လူ့အခွင့်အရေးဆိုတာလည်း သိလာ။အားနာစရာလည်း မလို။ မသိရင်မသိတဲ့အတိုင်း မရှိရင်မရှိတဲ့အတိုင်းနေလာခဲ့လေတော့...ကျွန်မ ကြီးကြီးကျယ်ကျယ်တွေ တွေးခဲ့ဖူးတယ်။
'ငါ မတရားဘူးထင်ရင် မလုပ်တော့ဘူး' လို့။
မိဘတွေနဲ့တွေ့ဖို့ ဩဇီကနေ မြန်မာကို ၃ပတ် လောက် ခဏပြန်ခဲ့တယ်။ အဖေက ခေတ်ကောင်းတုန်း Passport အနီလုပ်ဖို့ အကြံပေးပါတယ်။ အရေးအကြောင်းရှိရင် နိုင်ငံခြားထွက်လို့ရအောင်။ ကျေးဇူးပါ ဒက်ဒီ ဖားသား အဖေ။
ပတ်စ်ပို့ ရဖို့ မှတ်ပုံတင်လိုပါတယ်။ ဖြစ်ချင်တော့ မှတ်ပုံတင်ပေါ်က ဘောပင်မှင်က ပျံ့ပြီး ဘာမှ ကောင်းကောင်း မမြင်ရတော့ဘူး။ အဓိကက နာမည်နဲ့ မွေးနေ့ပေါ့။ ဒါနဲ့ မှတ်ပုံတင် အရင်လုပ်ရတော့တယ်။ အချိန်က ၂ ပါတ်ကျော်ကျော်ပဲ ကျန်တော့တာ။
အဲ့မှာ စတွေ့တာပဲ….
ခံနိုင်ရည်က မစမ်းခင်ကတည်းက မရှိနေတာ မသိခဲ့။ အကျင့်လို့ ခေါ်မလား။
အကျင့်အတိုင်း ခေါ်မလား ။ လုပ်ထုံးလုပ်နည်း ခေါ်မလား။ အသိရှာရပြီ။ မေးရင်း စမ်းရင်း ကိုယ်နေတဲ့ ရပ်ကွက် မြောက်ဒဂုံမှာ မှတ်ပုံတင်လုပ်ရပါတယ်။ ကိုယ်က ဒီနေ့တင်ပြီး နောက်တစ်ရက်၊ နှစ်ရက်လောက် လိုချင်တာ။ ရမှ ဖြစ်မှာပါ။ အမှန် သွားရမည့် ပုံစံက ကိုယ်တင်တဲ့နေ့မှာ စာရွက်စာတမ်းစုံရင် သူတို့လက်ခံထားမယ်။ နောက်နေ့ အပေါ်စာထုတ်ပြီး စာတိုက်ကနေ အရင်နေခဲ့တဲ့ ရပ်ကွက်ရုံးကို ကိုယ်ရေးရာဇဝင် လှမ်းတောင်းမယ်။ အရင်ရပ်ကွက်ရုံးက စာတိုက်ကနေ လိုအပ်တဲ့ စာရွက်စာတန်းတွေ ပို့ပေးမယ်။ ဒီဘက်ရုံးက လိုအပ်တဲ့ စာရွက်ရရင် ဆက်လုပ်မယ် တဲ့။ ပုံမှန်ကတော့ ၁လတဲ့။ (မက လောက်ဘူး)။
ရှိတဲ့ သွား ၃၂ ချောင်းဖော်ပြီး အမရယ် လုပ်ပေးပါနော်။ ခရီးသွားစရာရှိလို့ပါ။ အမြန်ဆုံးနည်းလေးများ ရှိနိုင်မလားပေါ့။ ပြောတာတော့ ဖြစ်နိုင်တဲ့နည်းလမ်းပါပဲ။ ကိုယ်ကိုယ်တိုင် ကိုယ်တင်ထားတဲ့စာရွက် နဲ့ အပေါ်စာတွေ ယူပြီး အရင်နေခဲ့တဲ့ ရပ်ကွက်ရုံးကို သွား။ သူက အဲဒီရုံးကို ချိတ်ပြီး ဖုံးဆက်ထားပေးတယ်။ အရင်နေခဲ့တဲ့ ရပ်ကွက်ရုံးက လိုအပ်တဲ့ စာရွက်စာတန်းတွေ ရှာပြီး ကိုယ်ကို ပြန်ပေးမယ်။ မနက်ဖြန် ပြန်ယူလာခဲ့ တဲ့။
နောက်တစ်ရက်လာတော့ လက်မှတ်ထိုးမဲ့ လူကြီး အစည်းအဝေးတက်နေလို့ တဲ့။ မနက်ကနေစောင့်တာ ညနေအထိ ရောက်သွား။ ကိုယ့်မှာ နောက်တစ်ရက် ထပ်စောင့်နေဖို့ အချိန်မရှိ။ ကိုယ့်ကို သတင်းပေးဖြစ်နေမှာ စိုးလို့လားမသိ။ မေးခွန်းတွေလည်းမေးလို့ ဖြေရသေးတယ်။ ဘာလုပ်ဖို့လဲ။ ဘယ်ကိုသွားမှာလဲ။ ရှင်းပြရတယ်။ ဒါနဲ့ မှတ်ပုံတင် ရခဲ့ပါတယ်။ ၃ပုံး။
မတရားဘူးထင်ရင် မလုပ်ဘူးဆိုတာ သြဇီမှာတုန်းက အတွေးပါ။
ပတ်စ်ပို့ကိစ္စ။ လုပ်ထုံးလုပ်နည်း အတိုင်း။ ရှာရင်း မေးရင်း စမ်းရင်း....အမျိုးစပ်ရင်း အသိက ရထားပြီးပြီ။ ပတ်စ်ပို့ရုံးရောက်တော့ လူတွေ လူတွေ အများကြီးပေါ့။ ညီမ ဒီမှာ ခဏတန်းစီထားလိုက်တဲ့။ အဲလိုပဲဖြစ်ရမှာပေါ့။ နာရီဝက်...တစ်နာရီ... တစ်နာရီခွဲလောက် ကြာလေပြီ။ တန်းက ရွှေ့နေသလား။ မရွှေ့နေဘူးလား မသေချာ။ ချွေးတွေ တဒီးဒီးကျ။ ရေက ၂ ဗူးကုန်ပြီ။ နောက်ထပ် နာရီဝက်လောက်ကြာတော့ အသိ အမရောက်လာ။ ညီမ..လာတဲ့.။
ပျော်သွားမိပါတယ်။
ဘယ်သူမှ ရိုက်မစစ်ပေမယ့် ရှက်ရှက်နဲ့ ဝန်ခံရရင် လူ 200လောက်ရှိတဲ့ လူအုပ်ကြီးကိုကျော်ပြီး ကျွန်မ ခွေးတိုးပေါက်ကနေ အရှေ့ရောက်သွားတယ်ပေါ့။ အားလုံးကို အားလည်းနာတယ်။ မျက်နှာလည်း ပူတယ်။ စိတ်ထဲကနေပဲ တောင်းပန်နေမိတယ်။ သြဇီမှာတုန်းက အတွေးတွေ သတိယတချက် မရတချက်။ လက်မှတ်ထိုးပြီး လုပ်စရာရှိတာတွေ လုပ်ပါတယ်။ နောက်ဆုံး ၂ပတ်အတွင်း သြဇီ မပြန်ခင် နိုင်ငံကူးလက်မှတ်ရခဲ့ပါတယ်။ ၅ပုံး။
စာမေးပွဲက စစ်တဲ့နေ့တိုင်း ကျပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်။
05/20/2026
...ရောက်တတ်ရာရာ...
သမင်တွေထဲက ကျားလား…ကျားတွေထဲက သမင်လား...
၁၀တန်း စာမေးပွဲ မဖြေခင်မှာ သင်္ချာကျူရှင် ဆရာတစ်ယောက်က သင်တန်းနောက်ဆုံးနေ့မှာ ပြောတာလေး မှတ်မိနေခဲ့တယ်။
‘သမင်တွေထဲမှာ ကျားသွားမလုပ်နဲ့ ကား…သွားမယ်’
‘ကျားတွေထဲမှာ သမင်သွားမလုပ်နဲ့ အစားခံသွားရမယ် ‘တဲ့
ကောင်းတာတော့မဟုတ်ပေမဲ့ ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်နေတတ်ဖို့ ဆိုလိုတာပါ၊ တည့်တည့်ပြောရရင်တော့ စာမေးပွဲခန်းထဲမှာ အားလုံးက အေးအေးဆေးဆေးဖြေနေရင် မခိုးချနဲ့။ ကောင်းကောင်းဖြေ။ သမင်တွေထဲမှာ ကျားသွားမလုပ်နဲ့ ကားသွားမယ် တဲ့။
အဲဒီခေတ်အခါက အရေးအခင်းကြောင့် ဆွမ်းကြီးလောင်းတတ်တဲ့ နှစ်တွေရှိလေတော့။ စာမေးပွဲခန်းထဲ ချောင်တယ်ဆိုရင်တော့ ကျောင်းသားတွေ အဆင်ပြေသလို ကြည့်လုပ်လို့ ပြောတာပါ။ ကျားတွေထဲမှာ ရိုးရိုးသားသား သမင်သွားမလုပ်နဲ့ အစားခံသွားရမယ် တဲ့လေ။
- - - - - - - -
ကျွန်မတို့တွေက မဟုတ်တာလုပ်ရမှာ ကြောက်တတ်သလို တခါတလေ ဟုတ်တာလုပ်ရမှာကိုလည်း ကြောက်တတ်ကြပါတယ်။
ကျွန်မ Sydney မှာ နေခဲ့စဥ် အတွေ့အကြုံတစ်ခုပါ။ ကျွန်မက နေမည့်နေရာရွေးတိုင်း အမျိုးသားအလုပ်၊ ကလေးတွေရဲ့ကျောင်းနဲ့ မြန်မာမိတ်ဆွေတွေနဲ့ နီးတဲ့နေရာကို ဦးစားပေးရွေးဖြစ်ပါတယ်။ ကျွန်မ တက်ခဲ့တဲ့ University of News South Wales က အိမ်ကနေ ၂၅ ကီလိုမီတာ ဝေးပါတယ်။ ကိုယ်နေတဲ့နေရာကနေ Sydney Central Station ကို ရထားနဲ့ နာရီဝက်စီးရပါတယ်။ Sydney ရထားတွေရဲ့ အမြန်နှုန်းက တနာရီကို ၅၀ကနေ ၆၀ ကီလိုမီတာရှိပါတယ်။ ပြီးရင် အဲဒီကနေမှ တဆင့် ကျောင်းကို ဘတ်စ် နဲ့ တခါထပ်သွားရပါတယ် ။ စုစုပေါင်း တနာရီလောက် ကြာပါတယ်။
ရထားတွဲတွေက တခုနဲ့ တခု ကူးလို့ရပါတယ်။ တစ်တွဲမှာ မျက်နှာချင်းဆိုင် ဝင်ပေါက်နှစ်ခု ရှိပါတယ်။ ဝင် ဝင်ချင်း နေရာက ရထားအတက်အဆင်းလုပ်မည့်လူတွေ အဓိက ရပ်တဲ့နေရာပါ။ တဘက်တချက်မှာ ခုံ၄ခုံပါတဲ့ bench တစ်ခုစီရှိပါတယ်။ Wheelchair သမားတွေအတွက် ရည်ရွယ်ထားတဲ့နေရာပါ။
ရထားထဲ ဝင်တာနဲ့ အသက်ငယ်သူတွေနဲ့ ခရီး နည်းနည်းဝေးဝေး စီးမည့်သူတွေက အပေါ်ထပ်ကို တက်ကြပါတယ်။ အသက်ကြီးသူတွေနဲ့ တစ်မှတ်တိုင် နှစ်မှတ်တိုင် စီးမည့် ခရီးသည်တွေကတော့ အောက်ထပ်ကို ဆင်းလေ့ရှိကြပါတယ်။ ရုံးချိန်ဆိုရင်တော့ ပုံမှန် ခရီးသည် များပါတယ်။
ရထားတွေက မှန်တွေနဲ့ဆိုတော့ ရထားမဆိုက်ခင် ကျွန်မတို့ ဘယ်အတွဲမှာ လူဘယ်လောက်ပါသလဲ အကြမ်းမျဉ်း ခန့်မှန်းလို့ ရပါတယ်။ ပြီးရင် ကိုယ်ရပ်နေတဲ့နေရာနဲ့ နီးတဲ့အတွဲပေါ် တက်လိုက်ပါတယ်။ အဝေးကြီးပြေးဖို့အတွက်တော့ အချိန်သိပ်မရ။ ရထားက ဘူတာမှာ ၁-၂ မိနစ်လောက်ပဲ ရပ်ပါတယ်။
တနေ့... ကျွန်မ ရထားထဲ ဝင်ဝင်ချင်း တွေ့လိုက်ရတာကတော့ ကော်ဖီမှောက်ထားတဲ့ နေရာအကြီးကြီးတစ်ခုပါ။ လူတွေက အဲဒီနေရာကို ရှောင်ပြီး ရပ်နေကြပါတယ်။ ကိုယ်လည်း ထိုင်ခုံနေရာမရတော့ အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာပဲ ရပ်နေပါတယ်။ ကျွန်မ စီးရမှာက နာရီဝက်ပါ။
ကော်ဖီက မကြာသေးခင်ကမှ မှောက်ထားတာ ထင်ရပါတယ်။ မခြောက်သေးပါဘူး။ ရထားက မခါပေမယ့် အကွေ့တွေမှာ ကော်ဖီက လိုက်စီးနေတော့ တဖြေးဖြေး အကွက်က ကျယ်လာပါတယ်။ ၁၀ပေအကျယ်ရှိတဲ့ ရထားထဲမှာ ၄ပေပတ်လည် အကျယ်လောက် ကော်ဖီအကွက်က နေရာယူထားပါတယ်။
တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင် ရထားတွဲထဲ လူတွေပို ပို ဝင်လာပါတယ်။ လူတွေက တံခါးဖွင့်တာနဲ့ ကော်ဖီအကွက်ကို မြင်ပြီး ရထားတွဲ အောက်ထပ်အလယ်လမ်းနဲ့ အပေါ်ထပ် အလယ်လမ်းတွေမှာ တရွေ့ရွေ့တိုးပြီး ရပ်နေကြပါတယ်။ အလုံပိတ် ရထားဆိုတော့ ကော်ဖီအနံ့ နဲ့ လူတွေအနံ့ တစ်တွဲလုံးမွှန်လို့။ Airconရှိတော့ တော်သေးတာပေါ့။
ကျွန်မရပ်နေတဲ့နေရာမှာလည်း တဖြေးဖြေးလူတွေပြည့်လာပြီး ကျပ်ကျပ်သပ်သပ် ရပ်နေကြရပါတယ်။ လူတွေက တတ်နိုင်သမျှ ဘေးဘက်တွေကို ကပ်နေကြပါတယ်။ လူတော်တော်များများရဲ့အကြည့်ကတော့ ကော်ဖီအကွက် နေရာမှာ။
စိတ်ထဲမှာ တယောက်ယောက်က စ’ လုပ်ရင်တော့ ငါပါ ဝင်လုပ်မယ်လို့ တွေးနေပါတယ်။ ကျောပိုးအိတ်ထဲ Tissue ပါမပါ ကြည့်လိုက်တယ်။ ပုံမှန် သယ်နေကျ တစ်ထုတ်တော့ ပါတယ်။ လောက်ပါ့မလား။ မလောက်ရင် မှတ်စုစာအုပ်တော့ပါတယ်။ စာရွက်တွေ ဖြဲရမှာပေါ့။ ပြီးရင် အရည်တွေနဲ့ ဘယ်လိုပစ်ရမလဲ။ ရထားပေါ်မှာ အမှိုက်ပုံးတော့ မရှိ။
အိတ်ထဲ ထပ်ရှာကြည့်တော့ မိုးရွာရင် ထီးအစိုထည့်ဖို့ ဆောင်ထားတဲ့ကျွတ်ကျွတ်အိတ် တွေ့ပါတယ်။ ငါလုပ်နိုင်တယ် တစ်ရှူးရှိတယ်။ ကျွတ်ကျွတ်အိတ်ပါတယ်။ OK!
လုပ်ပြီလား???....မလုပ်သေးပါဘူး…
လူတွေကို ကြည့်လိုက်တော့ အပြင်ကိုကြည့်နေသူ။ တချို့က ကိုယ်နဲ့ မဆိုင်သလို ဖုန်းကြည့်နေကြပေမယ့် သူတို့ရဲ့ စိတ်ထဲမှာလည်း ကျွန်မလိုပဲ တွေးကောင်းတွေးနေနိုင်ပါတယ်။
ကျွန်မ ဘာလုပ်နေလဲ?
ကိုယ်ကိုယ် (စိတ်)ကို လှည့်ဖျားဖို့ ကိုယ်မလုပ်နိုင်ရတဲ့ ဆင်ခြေတွေ ဆက်ရှာနေပြန်ပါတယ်။
🤔ငါလုပ်ရင် အားလုံးဝိုင်းကြည့်နေရင် ရှက်စရာကြီး။ သေချာတယ် ကြည့်နေကြမှာ။
🤔အင်း..လုပ်ပြီးပြီပဲထား ဘယ်လိုမျက်နှာနဲ့ နောက် ၁၅မိနစ်လောက် ဒီနေရာမှာ ဆက်ရပ်နေရမလဲ။ အိုးတိုးအမ်းတမ်းကြီး ဖြစ်နေမှာ။ နောက်ရထားတွဲကို ပြောင်းသွားလိုက်ရမလား။
🤔ဒါက သန့်ရှင်းရေးသမား လာလုပ်မှာပါလေ... တယောက်ယောက်က သတင်းပေးရင်ပေါ့။ အဲ့တယောက်ယောက်ကလည်း ကိုယ်မဟုတ်နေပြန်ဘူး။ တခြားသူတွေ ဖုန်းဆက်ပါလိမ့်မယ်။ မေ့လိုက်တော့။
ပရဟတိတ စိတ်က ကြက်ပျောက်ဌက်ပျောက်။ တကယ်လည်း လုပ်ဖို့ လိုနေတယ်။ ကောင်းတာလုပ်တာလေ။
🤔စိတ်က လုပ်သင့်တယ်...မလုပ်ရဲဘူးဆိုတဲ့ နှစ်ခုကြား ဗျာများနေပါတယ်။ ချီတုံချတုံ။
🤔တဖက်က ကောင်းတာလုပ်တာပဲ ဘယ်သူဘာထင်ထင်ပေါ့။ ဘာရှက်စရာရှိလဲ။ ကောင်းတာလုပ်ဖို့အတွက် ရက်ရာဇာ ပြဿဒါးဆိုတာမရှိဘူး။
တဖက်က အကြည့်တွေရဲ့ဒဏ် မခံနိုင်လောက်ဘူး။ လူရှေ့ လုပ်ပြနေတယ်လို့ လှောင်ပြုံးပြုံးကြမှာလား။ မှန်တာကို လုပ်ရဲတဲ့သတ္တိ ဘယ်ရောက်နေလဲ ဘယ်လိုမှကို မလုပ်ရဲဘူး။ ကျောပိုးအိတ်ထဲ လက်နှိုက်ပြီး တစ်ရှူးကို ကိုင်လိုက် ချလိုက် လုပ်နေမိတယ်။
ယောက်ျားကိုတောင် သတိယမိ။ ကိုယ်လုပ်မယ်ဆို သူက မလုပ်နဲ့လို့ ပြောပါလိမ့်မယ်။ လူဆိုတာက မလုပ်နဲ့ဆို ရွဲ့ ပြီး ပိုလုပ်ချင်တတ်တာလေ။ ဆွဲမည့်သူမရှိလို့လားမသိ မလုပ်ဖြစ်ခဲ့ဘူး။
ဒီလိုနဲ့.....ဆင်းရမယ့် ဘူတာရောက်လို့ ရထားပေါ်ကသာ ဆင်းခဲ့ရပေမယ့် တနေကုန် အဲဒီကိစ္စက အာရုံထဲက မထွက်။ လုပ်ခဲ့သင့်တာကို မလုပ်ခဲ့ရလေခြင်း ပေါ့။
အခုအချိန်ထိ မေ့လို့မရခဲ့။
အဲလိုထပ်ကြုံရင်ရော လုပ်မှာလားဆိုရင်...မလုပ်ရဲဘူး ဆိုတာကလည်း သေချာနေပြန်ပါတယ်။ ရှက်တယ်လေနော်။
ရေးချလာလိုက်တာ အရှည်ကြီး။ ဘာတွေလည်းဆိုရင်တော့ …
မှတ်မိသေးတယ် ‘ယောက္ခမဆိုတာ တခါတုန်းက သမက်ပါပဲ’ ရုပ်ရှင်ထဲက မေသဥ္ဇာဦးပြောသလို ရွှေပြွန်တော်က ရေသွန်တော်မူတယ်ဆိုပြီး လုပ်နေတာပါ။ လိုရင်းက ‘ကလေး သေးပေါက်တာ’။
အခုလည်း ဘာမှမဟုတ်ဘူး။ လိုရင်းက ရထားပေါ်မှာ ကော်ဖီမှောက်တာ..
ကိုယ်က ကျားထဲက သမင်လုပ်ချင်တာလား...သမင်ထဲက ကျားလုပ်ချင်နေတာလား
ဆိုင်လား…မဆိုင်ဘူးလား…ဘာလား…
နောက်ဆုံးတော့ ကိုယ်က သမင်ထဲက သမင်ပါပဲ။
ကျေးဇူးတင်ပါတယ်ရှင့်။
05/13/2026
Tomorrow’s Youth
ကျောင်းမှာ Presentation လုပ်ဖို့ ပြင်နေတဲ့ သမီးရဲ့ ခေါင်းစဉ်တွေကြည့်ပြီး ရေးဖို့ အတွေးလေးရလာခဲ့ပါတယ်။
👉ကိုယ်ငယ်ငယ်က My Ambition ဆိုရင် အလွတ်ကျက်ထားတဲ့ အင်ဂျင်နီယာ အကြောင်း ချရေးမိမှာ။ သူများတွေလည်း အင်ဂျင်နီယာ မဟုတ် ဆရာဝန်ပဲ နေမှာလေ။ သမီး လုပ်ရမည့် ခေါင်းစဉ်က My dream career and required skills ဆိုပဲ။ A look into the future job market တဲ့။ ကိုယ်ဖြစ်ချင်တာအတွက် ကိုယ့်မှာ ဘယ်လို အရည်အချင်းတွေ လိုအပ်နေလဲဆိုတာကို သိစေချင်၊ ပြင်ဆင်ထားစေချင်ပြီး၊ အနာဂတ် စျေးကွက်ကိုလည်း ထည့်စဉ်းစားခိုင်းထားသေးတယ်။ လက်တွေ့ကျချက်နော်။
👉သမီးမြန်မာစာ သင်ကြားနေတာ ၃ နှစ်ကျော်လို့ ၄ နှစ်ထဲ ဝင်နေပါပြီ။ ကျွန်မတို့ အိမ်မှာ မြန်မာစကားပဲပြော ဖြစ်ပါတယ်။ ဆရာမက အသင်အပြ ကောင်းလို့ထင်တယ်။ တခုခု ပြောလိုက်ရင် သူ့ကို ပြန်မပြောနိုင်။ အရမ်းပြောတတ်တယ်။ ကျွန်မတို့ လင်မယားစကားများရင် သူကနားထောင်ပြီး ဝင်ထောက်သေးတာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်နဲ့။
👉တနေ့ TikTok ကြည့်ရင်း မေမေ သမီးကို သရက်သီးလေး ဒီလိုလေး လုပ်ပေးဆိုပြီး လာပြတယ်။ သရက်သီးကို ဆေးသကြားနဲ့ နယ်ပြီး သုပ်ခိုင်းတာပါ။ သမီး ဘယ်လိုသိလဲဆိုတော့ Texas က မြန်မာမလေးနဲ့ သမီးနဲ့က friendတဲ့။
နောက်တခါ အမဲသား steak ဝယ်ခိုင်းပါတယ်။ သူ steak လုပ်ကျွေးမလို့ တဲ့။ ကိုယ်ဝယ်တဲ့အမဲသားမျိုး မဟုတ်လို့တဲ့ သူကိုယ်တိုင် အိမ်နားက Giant Eagle ဆိုင်သွားပြီး လိုအပ်တဲ့ ဟာတွေဝယ်ပြီး လုပ်ကျွေးပါတယ်။ ဘယ်လိုသိလဲဆိုတော့ TikTok မှာ တွေ့လို့တဲ့။
👉၁၅ နှစ်အရွယ် High school ကျောင်းသူတစ်ယောက်။ သူတို့မသိတာ မရှိသလောက်ပါဘဲ။ လိမ်လို့လဲမရဘူး။ ချက်ချင်း တောက်..တောက်..တောက် နဲ့ ရှာပြီးသား။ လက်ရှိ Canvas ရဲ့ Cyberattack အကြောင်း။ Spirit airlines ပိတ်လိုက်ပြီ။ Hantavirus အကြောင်း။ အီရန်စစ်ပွဲအကြောင်းလား? ဂျူးတွေအကြောင်း ဝေဖန်ချင်လား?မေမေ war စ’နေပြီက ပါသေး။
ICE အကြောင်းလား? BTS အကြောင်း မေးမလား? Estine file အကြောင်းပြောမလား? အသေးစိတ် ပြောပြလိမ့်မယ် မဟုတ်တာတွေလဲပါတယ်။ Walk for peace အကြောင်းလား? ဘာလာလာ သူပြောပြလိမ့်မယ်။ သူတို့ သိချင်တာ သိခွင့်ရှိနေတယ်။
👉မြန်မာက ဆယ်ကျော်သက်တွေရော ဘာတွေကို စိတ်ဝင်စားကြပါသလဲ.....
ကမ္ဘာ့သတင်းတွေတော့ သိခွင့်ရကြမှာပါ၊ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ပါတ်သတ်တဲ့ အကြောင်းအရာတွေတော့ သတင်းအမှောင်ချထားလို့ အမှန်တရားကို ဘာမှ သိခွင့်ရမယ်မထင်။
👉ကျွန်မအနေနဲ့ နိုင်ငံရေးဆိုတာကို ၂၀၁၀ ခုနှစ်လောက်က ပွင့်လင်းမြင်သာလာမှ သိခွင့်၊ စိတ်ဝင်စားခွင့် ရှိလာရတာပါ။ ပြည်ပရောက်တော့ My Notes နားထောင်ပြီး တဖြေးဖြေး စိတ်ဝင်စားလာတာပါ။ အသက်၄၀ ကျော်မှဆိုပါတော့။
ကိုယ်ငယ်ငယ်က သင်ရိုးဖတ်စာအုပ်ထဲမှာ “သတင်းစာ နေ့စဉ်ဖတ်ပါ။ သတင်းထူးပါသလား။’လို့ သင်ခဲ့ရဖူးတယ်။ ကိုယ်လူလားမြောက်စဉ်က ဖတ်ရတဲ့ သတင်းမှာ ဖတ်မိတာက တစ်ချက်တည်းနဲ့ ကျင်းဝင်တဲ့အကြောင်း။ ဘယ်နေ့ ဘယ်နေရာမှာ ဘာအခမ်းအနားကျင်းပ ဘယ်သူတက် ဒါပဲသိ။ ဘာတွေလုပ် ဘာအတွက်လဲ မသိ။ စိတ်ဝင်စားစရာလည်း မကောင်း။
သတင်းစာမှာ ကိုယ်စိတ်ဝင်စားတာက တစ်ခုတည်း။ စနေ၊ တနင်္ဂနွေTV အစီအစဉ်။
စနေ ၇:၃၀-၈:၀၀ ခေတ်ပေါ်သီချင်းတွေ နားထောင်။ သတင်းလာရင်ပိတ်။ ၈:၃၀ နိုင်ငံခြားသတင်း- ရေကြီး၊ စစ်ဖြစ်၊ မီးလောင်သတင်းတွေ ကြည့်။ နိုင်ငံခြားဆိုတာက ကြောက်စရာကြီး။ မိုးလေဝသ သတင်း သီးခံကြည့်။ ပြီးရင် ရုပ်ရှင်လာတော့မယ်။ စနေနေ့ညဆို အင်္ဂလိပ်ရုပ်ရှင် ကားကောင်းတွေ ပြတတ်တယ်။ တနင်္ဂနွေဆို မနက်ဘက် Variety Variety က gameတွေ ရယ်ရလို့ ထိုင်ကြည့်။ တခါတလေ ပုံပြင်လေးတွေ လာတတ်ပါတယ်။ နေ့ခင်း အဖြူအမဲ မြန်မာကားတွေ။ မြဂနိုင်၊ စက္ကောမ တို့အထိ ကြည့်ခဲ့ဖူးတယ်။
👉အမေရိကန်သမိုင်းကို အခြေခံပြီး ကျောင်းသားတစ်ဦးစီက နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုပြီး အမြင်တွေကို debate လုပ်နေရချိန်၊ ခုထိ မြန်မာ့သမိုင်းမှာ စောလူးမင်းကို ကျန်စစ်သားက ခိုးပြေးလို့ ကောင်းတုန်းလား (သူ့ခမျာ ခိုးပြေးတုန်းက တခါမော၊ စောလူးမင်းအော်လို့ သူ့နောက် ရဲမက်တွေလိုက်လို့ တခါမော၊ နှစ်ခါမောရတာကို သနားသွားလို့နဲ့ တူတယ်။ ခုထိ အသင်ခံနေရတုန်း) သူရဲကောင်းတို့ ဇွဲရှိပုံ၊ ညောင်ဦးဖီးရဲ့ ဇွဲလုံ့လ အားကျစေချင်လို့ ညောင်ဦးကမ်းပါးကနေ ဧရာဝတီမြစ်ကို ကူးခတ်ပြီး တဖက်ကမ်းကို ရောက်တဲ့ အကြောင်း လေ့လာပြီး Wow ဖြစ်နေချိန်၊ ၁၂နှစ်သာ ရှိသေးတဲ့ ကနေဒါနိုင်ငံသူက ကမ္ဘာ့ ရေကူးချန်ပီယမ် ဆုရသွားရပြီ။
ပြောသာပြောရတယ်။ အခုအချိန် ဧရာဝတီက ကူးစရာ ရေရောရှိသေးရဲ့လားမသိ။ ဒါဆို လမ်းလျှောက်လို့ရတော့မှာလား။ ဆီစျေးတက်နေတာနဲ့ အတော်ပဲ။ ဟိုလူကြီး ကြိုမြင်လေရော့သလား?
အဲ့ ဒေါ်ခွါညိုလည်း အသက်ကြီးတာ အကြောင်းပြပြီး ပေါက်တောက်ကရတွေ အင်မတန်ပြော….
???? မြန်မာက လွန်ခဲ့တဲ့ နှစ် ၃၀ လောက် အခြေအနေ ပြန်ရောက်သွားပြီလား?
လူငယ် တစ်ယောက်ယောက်ကို မေးကြည့်ချင်တယ်...
မြန်မာက အင်တာနက်သုံးနိုင်တဲ့ အခွင့်အရေးရနေတဲ့ မလွတ်မြောက်နယ်မြေက လူငယ်တွေ...
ဘာတွေကို စိတ်ဝင်စားခွင့် ရနေကြသလဲလို့လေ။ တကယ့် သတင်းအမှန်တွေ မရှယ်ရဲ မကြည့်ရဲတော့ ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲ သိပါ့မလား မသိ။ အပြသတင်းတွေကတော့ ကိုယ် ငယ်ငယ်ကအတိုင်းပဲမို့ သူတို့ စိတ်ဝင်စားဖို့ မဖြစ်နိုင်။
ဆယ်ကျော်သက် သမီးလေးတွေကရော...
‘ဇတ်မင်းသားလေး ဘယ်သူဘယ်သူ….အောင်ဇဗ္ဗူ’နဲ့ တကယ် ပျော်နေကြပြီလား.. 😢
......
..........
.............
ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်းခွင့်.......
ကျေးဇူးတင်ပါတယ်ရှင့်။
05/06/2026
...သည်းခံခြင်း...
စာရေးတာက ဝါသနာပါ။
တိုက်ဆိုင်မှု ရှိရင်ခွင့်လွတ်ပါ။ တကယ့်ကို ဘယ်သူ့ကိုမှ မရည်ရွယ်ပါ။ ဒါပေမယ့် ကျွန်မတို့က လူသားတွေထဲက လူတစ်ယောက်မို့ တချို့အချက်တွေမှာ တိုက်ဆိုင်သွားနိုင်ပါတယ်။ ကျွန်မရေးဖြစ်တဲ့ အကြောင်းအရာ တော်တော်များများကတော့ ကိုယ်တွေ့ အတွေ့အကြုံပေါ် မူတည်ပြီး ရေးဖြစ်တာပါ။
အမေက ငယ်ငယ်ကတည်းက လူတွေကို သည်းခံဖို့ သင်ပေးပါတယ်။ အဖေကတော့ ပညာကို ကြိုးစားဖို့နဲ့ ပြဿနာမဖြစ်အောင်နေဖို့ သင်ပေးပါတယ်။ ငယ်ငယ်က ခင်ရတဲ့ သူငယ်ချင်းက သူ့အမေက သူ့ကို လူအောက်ကျို့လို့ သေမသွားဘူးလို့ အမြဲဆုံးမေကြာင်း ပြောပြဖူးပါတယ်။ ငယ်ငယ်ကတည်းက မလိမ်ဖို့၊ လိမ်လိမ်မာမာ နေဖို့ ဆုံးမကြပေမယ့် မှန်တာကို ရဲရဲပြန်ပြောတတ်ဖို့ မှတ်မိသလောက်တော့ ဘယ်သူကမှ သင်မပေးခဲ့ကြပါဘူး။ ရေးနေရင်းနဲ့ ကိုယ်ရော ကိုယ်သားသမီးကို အဲလိုဆုံးမဖူးလား ပြန်စဥ်းစားကြည့်တော့...Noပါ။
ပြောရရင်တော့ ဘဝက အဲလိုဘဲနှစ်ပေါင်း ၅၀လောက် ရှင်သန်ခဲ့တာပါ။ မှန်လည်း သည်းခံရ၊ မှားလည်း သည်းခံရင်း။ အခုရော ဆိုရင်လည်း ထိုနည်း လည်းကောင်းပါပဲ။ သည်းခံခြင်းမှာ ကျင့်သားရသွားတာပါ။
တစ်ပေအမြင့် ပိတ်လှောင်ခံထားရတာကြာတဲ့ ဖားတစ်ကောင်လို လွှတ်ပေးလိုက်ပေမယ့် တစ်ပေထက် ပို မခုန်တတ်တော့ပါဘူး။
မြန်မာပြည်မှလား ဆိုတော့မဟုတ်ပါဘူး။ မြန်မာပြည်ကနေ အပြင်ရောက်တော့လည်း အတူတူပါပဲ။ ကမ္ဘာကြီးက အမှန်တရားကို တကယ်တော့ သိပ်မလိုလားသလိုပါပဲ။ ဟန်ဆောင်မှု အပေါ်ယံကိုပဲလိုလား နေသလိုလို။ အမှန်တရားကို ဘယ်သူကမှ လိုလိုလားလား လက်ခံချင်ပုံမရ။ အမှန်တရားကို ရင်ဝယ်ပိုက်ပြီး ကမ္ဘာကြီးကို သည်းခံခြင်းနဲ့ပဲ ခရီးဆက်နေရတယ် ခေါ်မလားပဲ။
တနေ့ အလုပ်ကိစ္စနဲ့ ရုံးတစ်ခုသွားဖြစ်တယ်။ စာရေးမလေးက ဖြည့်ရမည့် ဖောင်တစ်ခု ပေးလိုက်ပါတယ်။ သူက ဒီ ညွန်ကြားချက်အတိုင်းလုပ်ပြီး ပြန်လာခဲ့လို့မှာလိုက်ပါတယ်။ ကိုယ်လည်း အိမ်ပြန်ပြီး စာထဲက ညွန်ကြားချက်အတိုင်းလုပ်၊ emailပို့၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေယူပြီး သမီးကို ခေါ်ပြီး ရုံးကို ပြန်သွားခဲ့ပါတယ်။ ရုံးရောက်မှ သတိရတာက သူဖြည့်ခိုင်းတဲ့ ဖောင် အိမ်မှာ ကျန်ခဲ့ပါတယ်။
‘ဟာ ငါ့ကို ဖောင်ပြန်ယူခဲ့ဖို့ပြောတာ ငါမေ့သွားပြီ။ မတတ်နိုင်ဘူး တောင်းပန်ပြီး ဖောင်အသစ် တစ်စောင်တောင်းပြီး ပြန်ဖြည့်ရတော့မှာပဲ’ဆိုပြီး ဝင်တွေ့ရတော့တာပါပဲ။
ကျွန်မ အလှည့်ရောက်တော့ ‘ငါ့ကို ပြောတော့မှာပဲ’ ဆိုတဲ့ စိတ်ကြောင့် တောင်းပန်တိုးလျှိုးတဲ့ မျက်နှာငယ်နဲ့ အသံကိုနှိမ့်ပြီး form ကျန်ခဲ့လို့ နောက်တစ်စောင် ထပ်ပေးဖို့ပြောတော့ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း သူစိတ်တိုသွားပြီး မပေးချင်ပေးချင်နဲ့ပေးပါတယ်။
ကျွန်မက ဖောင်ဖြည့် လက်မှတ်ထိုးပြီး တင်တော့ ညွန်ကြားချက်မှာ email ပြန်စာရမှ လာလို့ ပြောထားတာလေ ဘယ်မှာလဲပြန်စာတဲ့။ အဲတာတွေ မပြီးသေးဘဲနဲ့ ဘာမှ လုပ်ပေးလို့မရဘူး ဆိုပြီး အော်တော့တာပဲ။ ကိုယ်ကလည်း မှားနေတော့ ‘Sorry ငါနောက်မှပြန်လာခဲ့ပါမယ်။ ကျေးဇူးပါ’ဆိုပြီး လှည့်ထွက်လာလိုက်တယ်။’
(တကယ်တော့ ကျွန်မပြန်စာ မရသေးပါဘူး။ ကျွန်မ မှားသွားခဲ့ပါတယ်။ စာထဲမှာ email ပြန်စာရမှ ပြန်လာလို့ ရေးထားတာကို သတိမထားမိခဲ့ဘူး။ နောက်မှသိရတာက email ပြန်စာထဲမှာမှ အကောင့်လုပ်ဖို့အတွက် link တစ်ခုပေးပြီး အဲဒီ linkမှာ အချက်အလက်တွေထပ်ဖြည့်ရမှာပါ။)
သေချာတာကတော့ အဖြူတစ်ယောက်သာဆို အဲလိုပြောမှာမဟုတ်ပါ။ အဲလိုပြောလို့ကတော့ အက်ဖ်တွေ မိုးမွှန်သွားမယ်။ လူတိုင်း နားလည်ချင်မှ နားလည်မှာလေ။ မှားနိုင်တာပဲလေ၊ ကိုယ့်ရဲ့ တောင်းပန်တိုးလျှိုးတဲ့ မျက်နှာက သူ့ကို အနိုင်ကျင့်ဖို့ ခွင့်ပြုပေးလိုက်သလိုများ ဖြစ်သွားလေသလားမသိ။
အဲဒီနေ့က သမီးအရှေ့မှာဆိုတော့ ကိုယ်လည်း နည်းနည်းတော့ ရှက်သွားတယ်။ ဒါပေမယ့် စိတ်ကတော့ ငါဘာထပ်လိုသေးတာလဲ မသိဘူးဆိုပြီးပဲ စဉ်းစားနေမိတယ်။ အလုပ်ပြီးဖို့က အဓိကကိုး။
သမီးငယ်က ကိုယ်ဘာဖြစ်နေလဲတော့ သူသေသေချာချာမသိ။ ကိုယ့်ကို အဲလို ပြောလိုက်တော့ သူကြည့်နေတယ်။ အပြင်ရောက်တော့ သမီးငယ်က ‘သူက မေမေ့ကို ဘာလို့ rude ဖြစ်နေတာလဲ’ တဲ့။
ကိုယ်က ‘မေမေမှားသွားလို့ မေမေသေသေချာချာ နားမလည်လို့ဖြစ်သွားတာ’လို့ပဲ ရှင်းပြမိတယ်။ ရင်ထဲမှာတော့ နည်းနည်းနင်တာပေါ့။
သမီးက ‘သူ အဲလိုပြောတော့ မေမေစိတ်မဆိုးဘူးလား’တဲ့
သမီးမျက်လုံးမှာ စိတ်မကောင်းဖြစ်နေတာလေး မြင်နေရတယ်။
တကယ်တော့ စိတ်ဆိုးတာပေါ့။ ‘ငါနားမလည်လို့ ဖြစ်သွားတာ’ ‘နင့်ကို အနှောက်အယှက် တမင်ပေးတာမှ မဟုတ်တာ’ ‘ဘာလို့ ကာစတမ်မာတစ်ယောက်ကို အခုလို ဆက်ဆံရတာလဲ’လို့ ခပ်တည်တည်နဲ့ ပြန်ပြောရမှာ။
ဟုတ်ကဲ့။ အခုလို မြန်မာလိုပဲ စာရိုက်တတ်တာပါ။ English လိုတော့ ပါးစပ်က တစ်လုံးမှ ထွက်ကျမလာပါ။
သမီးစိတ်သက်သာရာရအောင် ‘သမီးနားလည်အောင်ပြောရရင်တော့ မေမေဒီလိုမျိုး ခဏခဏ ကြုံဘူးနေတော့လဲ ရိုးနေပါပြီ။ မေမေတို့က တချို့ကိစ္စတွေကို language အခက်အခဲနဲ့ ဒီက စနစ်တွေကို သိပ်နားမလည်ဘူးလေ။ ဒါကြောင့် မေမေတို့က သမီးတို့ကို မေမေတို့နဲ့ အတူလိုက်ခဲ့ပေးဖို့ခေါ်တာပေါ့’ လို့ ပေါ့ပေါ့ပါးပါးလေး ဖြစ်အောင် ပြန်ပြောလိုက်ပါတယ်။
အဲဒီအချိန်ကစပြီး သူ မိဘတွေအပေါ် language အခက်အခဲရှိနေတတ်တာကို နားလည်သွားပါတယ်။ မိဘတွေအပေါ်ပိုဂရုစိုက်တတ်လာပါတယ်။
နောက်တခါထပ်သွားရတော့ ဘယ်ရမလဲ တီကောင်မှန်းသိအောင် တွန့်ပြခဲ့တယ်။ (အဲ ယောင်လို့) နဂါးမှန်း သိအောင် အမောက်ထောင်ပြခဲ့တယ်။
သမီးက သူပဲပြောမယ် မေမေမပြောနဲ့ တဲ့။ သမီးက မသွားခင် သူဘာလုပ်ရမလဲဆိုတာကို ကျွန်မကို သေသေချာချာမေးပါတယ်။ သမီးမသိရင် မေမေ့ကိုမေးမယ်။ မေမေ သမီးနဲ့ပဲပြောတဲ့။ အဲဒီ staffကို စကားမပြောနဲ့တဲ့။
မေမေ့ရဲ့ ဟီးရိုးလေး။
သမီးက အရှေ့က ဝင်သွားပြီး ကိုယ်က သူ့အနား ဖုန်းကြည့်သလိုပုံစံမျိုးနဲ့ ဘေးနားမှာပဲ ရပ်နေလိုက်တာပါ။ staffကတော့ လူတွေက အများကြီးဆိုတော့ မှတ်မိချင်မှ မှတ်မိမှာပါ။ သမီးက သေသေချာချာ လုပ်ပါတယ်။ ပြီးတော့ ‘မေမေ သမီးကို ဘာပြောစေချင်သေးလဲ’တဲ့။
ဘယ်လောက်ချစ်ဖို့ ကောင်းလိုက်လဲ။
‘အားလုံး အဆင်ပြေတယ်သမီး’လို့ ပြောလိုက်တယ်။
စပယ်တွေက လွယ်လွယ် မပွင့်ခဲ့ပါဘူးကွယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်
05/01/2026
University of Pittsburgh သင်တန်းကြေး အခမဲ့အစီအစဉ်
(ပင်ဆယ်လ်ဗေးနီးယားပြည်နယ်သားများအတွက် သတင်းကောင်း)
University of Pittsburghက ၂၀၂၆ ခုနှစ် Fall မှစပြီး Bradford၊ Greensburg နှင့် Johnstown စတဲ့ Regional Campuses များအပြင် Titusville သူနာပြုသင်တန်းတို့မှာ တက်ရောက်မယ့် အရည်အချင်းပြည့်မီတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်သားများအတွက် "The Pitt Regional Campus Tuition Pledge" အမည်နဲ့ သင်တန်းကြေး အခမဲ့အစီအစဉ်သစ်တစ်ရပ်ကို ဧပြီ ၃၀ရက်နေ့(မနေ့) က ကြေညာလိုက်ပါတယ်။
၂၀၂၆ ခုနှစ် ဆောင်းဦးရာသီမှစပြီး မိသားစုတစ်နှစ်တာဝင်ငွေ (AGI) ဒေါ်လာ ၇၅,၀၀၀ နှင့်အောက်ရှိတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်သား ကျောင်းသားများ (ကျောင်းသားဟောင်း၊ ပထမနှစ်ကျောင်းသားသစ် သို့မဟုတ် ကျောင်းပြောင်းလာသူ) ဟာ University of Pittsburgh ရဲ့ ကျောင်းအခွဲတွေ ရှိတဲ့ Bradford, Greensburg, Johnstown ကျောင်းတွေနဲ့ Titusville သူနာပြုသင်တန်းတို့ကို သင်တန်းကြေး အခမဲ့ဖြင့် တက်ရောက်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ကျောင်းသားတွေဟာ သင်တန်းကြေး ပေးဆောင်ရန် မလိုတော့ဘဲ၊ ဖက်ဒရယ်၊ ပြည်နယ်နှင့် အဖွဲ့အစည်းဆိုင်ရာ ထောက်ပံ့ကြေးအားလုံးကို ဦးစွာအသုံးပြုပြီးနောက်၊ ကျန်ရှိနေသည့် သင်တန်းကြေးအားလုံးကို တက္ကသိုလ်မှ ကျခံပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကြေး $0 ဖြင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
👉ဒါပေမယ့် ကျောင်းသုံးစာအုပ်များ၊ နေထိုင်စားသောက်စရိတ်နှင့် အခြားအခကြေးငွေများ မပါဝင်ပါ။
သီးခြားလျှောက်လွှာတင်ရန် မလိုအပ်ပဲ နှစ်စဉ် FAFSA လျှောက်လွှာကို တင်သွင်းရုံနဲ့ အရည်အချင်းပြည့်မီပါက ဤအကျိုးခံစားခွင့်ကို ကျောင်းသားရဲ့ ကျောင်း အကောင့်ထဲကို အလိုအလျောက် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
"အရည်အသွေးမြင့် ပညာရေးကို သင့်တင့်သော ကုန်ကျစရိတ်ဖြင့် လူတိုင်းပိုမိုရရှိနိုင်အောင် ဆောင်ရွက်ခြင်းသည် တက္ကသိုလ်၏ အဓိက ဦးစားပေးဖြစ်ပြီး ကျောင်းသားများရဲ့ အခွင့်အလမ်းတံခါးများကို ဖွင့်လှစ်ပေးရန်နှင့် အောင်မြင်မှုကို ပံ့ပိုးပေးရန်လည်း ဖြစ်သည်။”- Joseph McCarthy-
Information Link https://www.pittwire.pitt.edu/features-articles/2026/04/30/regional-campus-tuition-pledge
FAFSA Application link https://studentaid.gov/fsa-id/sign-in
Key Date for 2026-27 FAFSA application
Opening Date: Oct 1, 2025
Pennsylvania Deadline: May 1, 2026
Federal Deadline: June 30, 2027
04/29/2026
...Old is GOLD...
ကိုယ့်ကိုယ်ကို အိုမှန်းမသိ အိုလာနေတာ…
🪞တနေ့က… အလှပြင်လို့ မျက်ခွံပေါ် အရောင်ချယ်တာ မျက်မှန်ချွတ်ပြီး လုပ်တော့ ဘာမှ သေသေချာချာမမြင်ရ၊ မျက်မှန်တတ်ပြီးပြန်ကြည့်တော့ မျက်မှန် မှန်ဘောင်နေရာက မျက်ခွံနေရာကိုကွယ်နေတော့ သေသေချာချာမမြင်ရပြန်။ မျက်မှန်ကိုချွတ်လိုက် ကြည့်လိုက်။ မမြင်ရ။ ပြန်တတ်လိုက် ကြည့်လိုက်နဲ့။ ငယ်ငယ်က ကဗျာလေးလိုလေ။ ဂျာအေးရဲ့ မုန့်လုံးစက္ကူကပ်။
ဒါနဲ့ သမီးကို ‘မေမေ့မျက်လုံးလေး အရောင်ချယ်ပေးပါ’ ဆိုတော့ သူက အံ့တွေဩလို့။
'မေမေ့မျက်ခွံက အရမ်း တွဲပြီး ဟိုဘက်ဆွဲရင် ဟိုဘက်ကပ်သွား၊ ဒီဘက်ဆွဲရင် ဒီဘက်ကပ်သွားနဲ့ ၊ အွန်း…မေမေအိုသွားပြီ' တဲ့။
ဪ အိုနေပြီလား။
🧐ပြီးတော့ ပြန်ကြည့်ချင်တော့ စာလုံးသေးသေးတွေကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ချဲ့ကြည့်သလို၊ မျက်လုံးမှိတ် ဓါတ်ပုံရိုက် ပြန်ကြည့်နဲ့။ အလုပ်တွေရှုပ်။ အလုပ်မဟုတ်တာကို အလုပ် လုပ်နေတာပါ။
တော်တော်တော့ သံဝေဂရသွားပါတယ်။ အကောင်းတော့ မထင်လေနဲ့။ နောင်နှစ် မျက်မှန်လုပ်ရင် မျက်ကပ်မှန်ပြောင်းလုပ်မလို့ 😁
ဘတ်စ်စီးတော့ အသက်ကြီးတဲ့သူတွေက အရှေ့နိမ့်တဲ့ ထိုင်ခုံမှာထိုင်ရပြီး၊ ငယ်သူတွေက မြင့်တဲ့ အနောက်ဘက်တွေမှာ ထိုင်ရတာပါ။ ကိုယ်က ကားပေါ်ရောက်ရင် အနောက်ဘက်ကို လျှောက်သွားတာပဲ။ မသိစိတ်က ငယ်တယ်ထင်နေတာလေ။
တနေ့ ဘတ်စ်ကးပေါ်မှာ အနောက်ဘက်မှာထိုင်ခုံတွေပြည့်နေလို့ အရှေ့မှာထိုင်ဖြစ်တယ်။ သူငယ်ချင်းက ဖုန်းခေါ်တာနဲ့ စကားပြောနေတာ။
ခဏနေတော့ အနောက်ဘက်မှာ လူတွေဆင်းသွားတာနဲ့ သူငယ်ချင်းကို ‘ငါအနောက်မှာ နေရာလွတ်လို့ နေရာရွှေ့လိုက်အုန်းမယ်’ လို့ပြောတော့ သူငယ်ချင်းက ‘ဘာဖြစ်လို့လဲ’ တဲ့။ ကိုယ်က ‘အသက်ကြီးသူတွေကို အရှေ့မှာ ထိုင်ဖို့ ဦးစားပေးရမှာ’လို့ ရှင်းပြတော့ ‘အခုထိုင်နေတာက မခိုင် ထိုင်ရမည့် နေရာပဲလေ’ တဲ့။ 😁
သေဟ!
သူပြောတော့ မှ ကိုယ့်နေရာအမှန်ကို သိသွားတော့တယ်။
👉တခါကလဲ Liberty ရုပ်တုကနေ New York ဘက် အပြန် သင်္ဘောပေါ်မှာ နေရာက တနေရာပဲရှိတော့ ကိုယ်က ထိပ်ပြောင်ပြောင် ခပ်ဖိုင့်ဖိုင့်လူတယောက်ကို နေရာပေးမိတာ။ သူက ကိုယ်ကိုထိုင်ခိုင်း။ ကိုယ်က သူထိုင်ပေါ့။ သူ့ကို ထိုင်စေချင်လို့ အာရှဆန်ဆန် you are elder than me, I think လို့ သွားပြောမိတာ။ သူက တင်းသွားပုံရတယ်။ How do you know, I am elder than you. တဲ့ ကိုယ်လည်း မှားသွားမှန်းသိပြီး ‘Sorry လို့ ငါနင့်ကို ထိုင်စေချင်လို့ ပြောလိုက်တာပါလို့ ပြုံးပြီး ပြန်ပြောပြီး သူ့ဘက်ကို မကြည့်ရဲတော့ပါဘူး။ 🫢🏃♀️➡️
အမေ့ တွန်းလှည်းနားမှီပြီး ကပ်နေလိုက်ပါတယ်။ ထိုင်ခုံက သူတို့အုပ်စုနဲ့ ကိုယ်တို့အုပ်စုကြားဆိုတော့ ဘယ်သူမှ သတိမထားမိ။ ဆင်းသွားတဲ့အထိ ကိုယ်လည်းမထိုင်ဘူး။ သူလဲ မထိုင်ဘူး။
ပြောတာ မှားသွားတယ်။ တကယ်ပြောလိုက်ရမှာက နင့် ဗိုက်က ငါ့ဗိုက်ထက်ကြီးနေလို့ လို့။ (Your tammy is bigger than mine)။ အဲ့ကျကျတော့ လက်သီးစာ ကျွေးသွားမလားမသိ 😂
🩻တနေ့ ကျောင်းကို မိန်းမဝတ် လက်စက ရှပ်အင်္ကျီ အနက်အစင်းလေး ဝတ်သွားပါတယ်။ အဲဒီနေ့က Lab မှာ စက်လာစစ်ပေးတဲ့ အသက် ၃၅အရွယ်လောက်ရှိတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့တွေ့ပါတယ် ။ သူက တစ်နှစ် တစ်ခါ၊ နှစ်ခါ လာနေကြဆိုတော့ သူနဲ့ကိုယ်က ရင်းနှီးနေပါတယ်။ သူက ‘နင့်ကိုမြင်ရတာ ငါ့အဘွားကို သတိရလိုက်တာ’ တဲ့ ‘ငါ့အဘွားက ဒီလို အနက်အစင်း ဒီဇိုင်း ဝတ်နေကျ’ တဲ့။
ဟင်! ဆိုပြီး ဘာပြန်ပြောရမှန်းမသိ။ ပြီးမှ ပြုံးပြီး ‘ငါလည်း ကြိုက်လို့’ လို့ ပြန်ဖြေလိုက်တယ်။ တကယ်တော့ ကိုယ်က အမေဝယ်ပေးထားတာ ဝတ်တာလေ ။ မဝယ်ပေးနဲ့ဆိုလည်း မရဘူး။ ကိုယ်က နှမြောပြီး ဝတ်တာ။ (မှတ်ချက်။ အမှန်က ကိုယ်လည်း ကြိုက်လို့ပါ )
👩🦳လွန်ခဲ့တဲ့ စနေနေ့က ရာသီဥတုက နည်းနည်းပူလာတာနဲ့ သမီးငယ်ကို ‘မေမေ ဆံပင်သွားညှက်ရင် ကောင်းမလားမသိဘူး’ လို့ပြောတော့ ‘မေမေက ဘာပုံညှက်မှာလဲ’ တဲ့ ကိုယ်က ‘ဂုတ်ဝဲ အတိလေးလေ’လို့လဲ ပြောရော သူ့အမကို ‘မေမေက Mrs. Philip (သူတို့ကျောင်းက ဆရာမ) ဆံပင်ပုံညှက်မလို့’ တဲ့လို့ သွားပြောပါလေရော။
သမီးကြီးက ‘မေမေ မညက်နဲ့ အဘွားကြီး ဆံပင်ပုံကြီး’ တဲ့ အဲ့ဆံပင်ပုံစံကို Bob style လို့ခေါ်တာ တဲ့လေ။
‘အောင်မလေးတော် ဆံပင်လေးတိတာကိုပဲ အဘွားကြီးပုံ ဖြစ်ရသေး’ လို့ ပြန်ပြီး အငေါ်တူးလိုက်သေး။
ဪ ငါ့အတွေးတွေတောင် တကယ်အိုကုန်ပြီလား?
ကိုယ်ငယ်ငယ်က မျက်လုံးထဲ ရင်းနှီးနေတဲ့ အဒေါ်အရွယ်ဆို အမလို့ ခေါ်ချင်သေးတာ။ ကိုယ်ကမှ သူတို့ရဲ့ အမအရွယ်။ ကိုယ်က ပုနေတော့ ကိုယ့်ထက်ရှည်တဲ့သူဆို အမ ခေါ်ပစ်တာ။ (တကယ်တော့ ရိုသေသမှုနဲ့ပါလို့) အင်း…ကိုယ့်ထက်ပုတာဆိုလို့လည်း ဒီမှာက ၁၀နှစ်အောက် ကလေးပဲရှိပါလိမ့်မယ်။ 😝
😍တကယ်ပြောချင်တာက ဘယ်သူတွေ ဘာပြောပြော အိမ်မှာဆို ကိုယ်က အဘရဲ့ မြေးပဲ။ 🙃
အဲဒါ လာပြောပြတာ။
😍ပျော်ရွှင်ပါစေ။ ကျေးဇူးတင်ပါတယ်ရှင့်။
04/22/2026
ကျွန်မရဲ့ ဓါတ်ခွဲခန်း (MMCL)
ကျွန်မ အလုပ်လုပ်နေတဲ့ ဓါတ်ခွဲခန်း(lab)အကြောင်း အတတ်နိုင်ဆုံး မြန်မာလိုဘာသာပြန်ပြီး စိတ်ဝင်စားအောင် နည်းနည်းလောက် ရေးပြပါရစေ။
ကျွန်မဓါတ်ခွဲခန်းမှာ ရှိတဲ့ စက်တွေက အဓိက ဂျာမနီနဲ့ ဂျပန်က စက်တွေပါ။ ဓါတ်ခွဲခန်းလောကမှာ ယုံယုံကြည်ကြည်သုံးကြတာတော့ ဂျာမနီက စက်တွေပါ။ ဒုတိယက ဂျပန်ပဲ။ ကျွန်မဓါတ်ခွဲခန်းက သုတေသန (Research)အတွက်ရည်ရွယ်ထားတာဖြစ်ပြီး စက်အကြီးကြီးတွေမဟုတ်ပဲ စားပွဲတင်ပြီး အသုံးပြုနိုင်တဲ့ စက်တွေပါ။ စက်တည်ငြိမ်ဖို့အတွက်တော့ တုန်ခါမှုကို ခံနိုင်တဲ့ စားပွဲတွေသုံးထားရပါတယ်။
မြေအောက်ခန်းမှာတော့ သုတေသနစင်တာ အကြီးကြီးရှိပါတယ်။ NFCF လို့ခေါ်ပါတယ်။
ကျောင်းသားတွေ MMCLဓါတ်ခွဲခန်းမှာ စာရင်းသွင်း(Register)တာနဲ့ ဓါတ်ခွဲခန်းက ဝယ်ယူထားတဲ့ တချို့ စျေးကြီးတဲ့ ဆော့ဖ်ဝဲတွေကို အလကား အသုံးပြုခွင့်ရကြပါတယ်။
ကျွန်မ အလုပ်စဝင်တော့ စက်တွေကို ထရိန်နင် ယူတာနဲ့ လေ့ကျင့်တာ တစ်နှစ်လောက်ကြာတယ်။ ကျွန်မက Standard နမူနာကိုပဲ သုံးပြီး ကျောင်းသားတွေကို ထရိန်နင်ပေးတာဆိုတော့ ဘာအခက်အခဲမှ မရှိဘူးပေါ့။
ကျောင်းသားတွေကျတော့ တကယ်လက်တွေ့လုပ်ရတဲ့ သုတေသန ပစ္စည်း (sample)တွေ စမ်းသပ်ရတာဆိုတော့ အဖြေရဖို့ အချက်အလက်တွေပြောင်းပြီး စမ်းကြည့်ရတာပါ။ နည်းနည်း အခက်အခဲရှိတာပေါ့။ အများအားဖြင့်တော့ ကျောင်းသားတွေက ကိုယ့်ဘာသာကိုယ် ရအောင်လုပ်ကြတယ်။ တချို့ကျောင်းသားတွေက ကိုယ့်ကိုမေးတော့ အတူတူ ကြိုးစားကြည့်ဖြစ်ကြပါတယ်။ တကယ်တော့ သူတို့ဆီက ကိုယ်က ပြန်သင်ယူရပြီး အတွေ့အကြုံတွေရပြီး တဖြည်းဖြည်း ကိုယ်က ပိုနားလည် တတ်မြောက်လာရတာပါ။
ကျောင်းသားတွေ အများဆုံးသုံးတတ်တဲ့ စက်တွေကိုတော့ Maintenance အတွက်က ကုမ္ပဏီကို တစ်နှစ်စာ စာချုပ်ချုပ်ထားပါတယ်။ စက်တခုခုဖြစ်တာနဲ့ အရင်ဆုံး ကိုယ်လုပ်နိုင်တာ ကြိုးစားကြည့်ပါတယ်။ အောင်ခြင်းရှစ်ပါး၊ နမောဒဿ နှင့် သမ္ဗုဒ္ဓေ အပါအဝင်ပေါ့ ။ ကိုယ့်ရဲ့ ကာစတန်မာတွေ လျော့မှာစိုးလို့။ 🤣🤣🤣
မရရင်တော့ ကုမ္ပဏီကို emailပို့ စက်ရဲ့ပြဿနာကို ရှင်းပြရပါတယ်။ ဆော့ဖ်ဝဲ ပြဿနာဆိုရင်တော့ TeamViewer နဲ့ online ကနေဝင်ကြည့်ပြီး ပြင်ပေးပါတယ်။ မရရင်တော့ လူကိုယ်တိုင်လာပြင်ပေးပါတယ်။
ထရိန်နင်ပြီးရင် ကိုယ်ပြောနေကျစကားက စက်ကို သေသေချာချာကိုင်ဖို့။ safety first၊ လူက အရင် ပြီးရင် စက်ကိုလည်း safe ဖြစ်အောင် ကိုင်ပါလို့ ငါ့ကို အလုပ်လက်မဲ့ ဖြစ်အောင်မလုပ်ကြနဲ့လို့ ပြောဖြစ်တယ်။ သူတို့က ရယ်ပြီးပြန်ပြောတယ်။ No, I don’t. 🙃
😍ကျွန်မ ကလေးလေးတွေ(ဓါတ်ခွဲခန်းမှာရှိတဲ့စက်လေးတွေ)က အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ အချိန်ရရင် ဗဟုသုတ ရအောင် ဖတ်ကြည့်နော်။
👉Profilometer-Keyence & Bruker- အရာဝတ္ထုတွေရဲ့ မျက်နှာပြင်အနိမ့်အမြင့် တစ်မီလီမီတာကနေ နာနိုဆိုက် အထိသေးငယ်တဲ့ အကွာအဝေး ကို တိတိကျကျ တိုင်းတာနိုင်တဲ့စက် ၊ 2D 3D ပုံတွေအထိ ထုတ်လို့ရပါတယ်။
👉Hardness tester- Bruker & Leco အရာဝတ္ထုတွေရဲ့ မာခြင်းကို တိုင်းတာနိုင်တဲ့စက်၊နာနိုဆိုက်အထိ တိုင်းလို့ရပါတယ်။ ဥပမာ-သုတေသနအတွက် ထုတ်ထားတဲ့ တိတ်လိုမျိုး ဆံပင်ချည် လောက်ပါးလွှာတဲ့ အရာကိုတောင် ဘယ်လောက်မာလဲ တိုင်းနိုင်တာပါ။
👉Thermal Diffusivity and Thermal Expansion- Netzsch
အပူချိန်ပေါ်မူတည်ပြီး အရာဝတ္ထုတွေဘယ်လောက် ကျယ်ပြန့်လာလဲ? နဲ့ အရာဝတ္ထုအတွင်း အပူချိန် ဘယ်လောက်မြန်မြန် ပျံ့နှံ့နိုင်လဲ? စမ်းသပ်တဲ့ စက်တွေ။
👉Bruker Skyscan 1272 Micro-CT နောက်စက်တစ်ခုက ဆေးရုံသုံး လူတစ်ကိုယ်လုံး စကင်န်ဖတ်သလို ကြည့်လို့ရတဲ့ စက်လိုမျိုးပါ။ သုတေသနအတွက်ဆိုတာ့ စက်အသေးပေါ့။ အရာဝတ္ထုအကြီးကြီးတွေအတွက် မဟုတ်ဘဲ တစ်စင်တီမီတာ ပါတ်လည်အရွယ် အတွက်ပါ။ ပစ္စည်းတခုလုံးကို ၃၆၀ဒီဂရီ လှည့်ကြည့်လို့ရတဲ့ အမြင်နဲ့ အတွင်းဘက်ကို အသေးစိတ် နှစ်မိုက်ကရိုမီတာ(ဆံပင်ထက် ၁၀ဆအောက်ငယ်) အရွယ်အထိ ကြည့်လို့ရတဲ့စက်ပါ။
ဥပမာ- ဆေးပညာဘာသာရပ်အတွက် ဆေးရဲ့အကျိုးသက်ရောက်မှုကို လေ့လာနိုင်ဖို့ ဆေးရည်စိမ်ထားတဲ့ ကြွက်ကလေးတွေရဲ့ ဦးနှောက်လေးတွေရဲ့ ပြောင်းလဲမှု အသေးစိတ်ကို လေ့လာကြတာပါ။ ပြီးတော့ သွားအတုတွေရဲ့ အထဲမှာသေးငယ်တဲ့အပေါက်တွေ ဘယ်လောက်ပါနေလဲ စသည်ဖြင့် စမ်းသပ်လေ့လာကြတာပါ။
👉Microscope-Keyence & Zeiss- 2D၊ 3Dပုံတွေရနိုင်ပြီး အဆ ၅၀၀၀ အထိချဲ့နိူင်တဲ့ ချဲ့အားမြင့် မိုက်ခရိုစကုပ်များ။
👉XRD- Rigaku- အရာဝတ္ထုတွေ ဘယ်လိုဖွဲ့စည်းတည်ရှိနေသလဲ? ဘယ်လို ပုံဆောင်ခဲတွေနဲ့ တည်ဆောက်ထားသလဲ? ဘာတွေပါဝင်နေသလဲ? ဆိုတာ စမ်းသပ်တဲ့စက်။
👉SEM-Phenom- အဆနှစ်သောင်း ချဲ့အား ရှိပြီး အရာဝတ္ထုတွေရဲ့ ပါဝင်ပစ္စည်းနဲ့ ဘယ်လို အချိုးနဲ့ ပါဝင်နေလဲ? ဆိုတာတွေကို သိရှိနိုင်ပြီး၊ အရွယ်အစားသေးငယ်တဲ့ အရာဝတ္ထုတွေရဲ့ ဘယ်လိုပုံစံ၊ ဘယ်အရွယ် နဲ့ ဘယ်လောက် ပမာဏပါလဲ စသည်ဖြင့် အသေးစိတ်ကို လေ့လာနိုင်တဲ့စက်ပါ။
👍ကျွန်မ အလုပ်လုပ်ခဲ့တဲ့ ကိုယ့်ရဲ့ တချိန်က မိခင်ဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ် Metallurgical Engineering and Materials Science ဌာနမှာ ဒီလိုမျိုး စက်ပစ္စည်းတွေနှင့် တကယ့်ကို တတ်ကျွမ်းနားလည်ပြီး သုတေသနလုပ်တဲ့နေရာမှာ စိတ်အားထက်သန်ပြီး၊ ကောင်းကောင်း Guidelines ပေးနိုင်တဲ့ အရမ်းတော်တဲ့ ဆရာရှိပါတယ်။ ကျွန်မကို ပညာရပ်ဆိုင်ရာမှာ အများဆုံးအကြံပေးတဲ့ ဆရာပါ။
👍ရန်ကုန်နည်းပညာတက္ကသိုလ် MEMSဌာနမှာ အသုံးပြုနိုင်တဲ့ စက်ပစ္စည်းတွေကတော့- SEM JEOL, JSM-IT200 2. XRD RIGAKU 600 3. WDXRF RIGAKU, ZSX Primus IV 4. KEYENCE Digital Microscope, VHX 5000 5. Optical Microscope, Nikon Eclipse LV100N 6.တို့ ဖြစ်ပါတယ်။
၄င်းအပြင် မီးဖိုများ High Vacuum Tube Furnace 7. High temperature muffle furnace, Nabertherm, max 1800C 8. Vacume tube furnace, carbolite, HVT, max 1200C 9.နှင့် Corrtest electro chemical workstation cs300 တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။
မှတ်ချက်။ ဓါတ်ပုံတွေကို Page တင်ဖို့ ကျွန်မ တကယ်တောင်းရင် ဆရာက ပို့မှာမဟုတ်ပါဘူး။ ကျွန်မက ဌာနမှာ ဘာစက်တွေရှိလဲဆရာ ရန်ကုန်နည်းပညာတက္ကသိုလ် website မှာ မတွေ့ဘူးနော်လို့ မေးလိုက်တာ ဆရာက ကြွားချင်ဇောနဲ့ ပုံတွေပို့ပေးတာ။ ကိုယ့်မှာ လိုချင်နေတာနဲ့ ကွက်တိကို ဖြစ်လို့ 🤣 ။
ကျေးဇူးပါ ဆရာ။🙏
ကျွန်မရဲ့ လက်ရှိဓါတ်ခွဲခန်း (MMCL)ရဲ့ပုံတွေကိုတော့ ဒီ websiteထဲ ဝင်ကြည့်လို့ရပါတယ်။ -https://www.engineering.pitt.edu/subsites/business/mmcl/
ကျေးဇူးတင်ပါတယ်ရှင့်။